စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေမြို့နယ် ဝါဘိုကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ လေးနှစ်ကျော်ခန့်ကြာမြင့်နေပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၈/၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ရခိုင်ရိုးရာ လက်ရက္ကန်းအထည်များထုတ်လုပ်လျက်ရှိသော ဝါဘိုကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ လေးနှစ်ကျော်ခန့်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဝါဘိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်တစ်ဦးတစ်ယောက်မျှမရှိဘဲ သူနာပြုဆရာမ တစ်ဦးတည်း ဖြင့်သာ ဆေးကုသပေးနေခြင်းဖြစ်ပြီး ရွာသူ၊ ရွာသားများအနေဖြင့် တိုက်နယ်ဆေးရုံတွင် ဆရာဝန်တစ်ဦးချထားပေးရန် လိုလားနေကြကြောင်း ဝါဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးက နိရဉ္စရာသို့ပြောသည်။

"ဆရာဝန်မရှိတာက လေးနှစ်ကျော်လောက်ရှိပြီထင်ပါတယ်။ ဆေးရုံဖွင့်ထားတာက နှစ်ပေါင်း တစ်ဆယ်ကျော်ပါပြီ။ အပြာဝတ်သူနာပြုဆရာမတစ်ယောက်ပဲ အမြဲတမ်းရှိပါတယ်။ ဆရာဝန်လိုချင်လို့ ကျနော်အရင်က တင်ပြထားခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့်ချမပေးပါဘူး။ စာနဲ့ပေနဲ့လည်း တင်တောင်းခဲ့တာတွေရှိပါတယ်။ ဆရာဝန်ချပေးဖို့အတွက် တောင်းဆိုချင်ပါတယ်။ ဝါဘိုရွာက စစ်တွေမြို့နဲ့ ကုန်းကြောင်းတစ်ဖြောင့်တည်းမဟုတ်တော့လည်း တခုခုဖြစ်ရင် အခက်အခဲရှိပါတယ်။ ဆရာဝန်ရှိတုန်းကဆို ဝါဘိုအနီးအနားကရွာတွေကလည်း ဒီဆေးရုံကိုအားကိုးပြီးလာကြတာပါ" ဟုပြောသည်။

အဆိုပါ ဝါဘိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်များချထားပေးရန် ယခင်ကတောင်းဆိုခဲ့သော်လည်း ဆရာဝန် လုံလောက်မှုမရှိ၍ ချထားပေးခြင်းမရှိခဲ့သည်မှာ လက်ရှိအချိန်ထိဖြစ်ကြောင်း ရွာသူရွာသားများကပြောသည်။

လက်ရှိဝါဘိုကျေးရွာတွင် ကျေးရွာသူ၊ ရွာသားများသည် ရောဂါအနည်းအကျဉ်းဆိုလျှင် ကျေးရွာရှိ အစိုးရဝန်ထမ်းမဟုတ်သည့် ဆေးဆရာများနှင့်ကုသမှုလုပ်ပြီး ရောဂါပြင်းထန်လျှင် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ သွားနေရကြောင်း ရွာသူ၊ ရွာသားများကပြောသည်။

ဝါဘိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်ရှိစဉ်ကဆိုလျှင် ဝါဘိုကျေးရွာအနီးအနားမှ ညိုရောင်၊ မင်းလှ၊ မြစ်နားကျေးရွာများမှ ဒေသခံများမှာ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ သွားစရာမလိုဘဲ ဝါဘိုတိုက်နယ်ဆေးရုံကို အားထားကာ ဆေးကုသမှုပြုလုပ်ရန် လာရောက်လေ့ရှိကြပြီး ယခုအခါတွင် ဆရာဝန်မရှိသဖြင့် အနီးအနားရှိဒေသခံများမှာ ကျန်းမာရေးကိစ္စတွင် အခက်အခဲများရှိနေကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဝါဘိုကျေးရွာမှ စစ်တွေမြို့သို့သွားရန်အတွက် ကုန်းလမ်းကြောင်းတစ်ခုတည်းမဟုတ်ဘဲ ရေလမ်းကြောင်းမှ တစ်ဆင့်နှင့်ပါသွားလာနေရသဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် တိုက်နယ်ဆေးရုံတွင်ဆရာဝန်တစ်ဦး အမြန်ဆုံးချထားပေးရန် လိုလားနေကြကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ဝါဘိုတိုက်နယ်ဆေးရုံ၌ ဆရာဝန်မရှိသဖြင့် ဝါဘိုတိုက်နယ်ဆေးရုံသည် ဒေသခံများ အတွက် အားကိုးရာမဟုတ်အခြေအနေဖြစ်နေကြောင်း ဝါဘိုကျေးရွာသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

"တိုက်နယ်ဆေးရုံတစ်ခုရှိပြီး ဆရာဝန်ကတော့မရှိပါဘူး။ သူပဲဖြစ်ဖြစ်ကိုယ်ပဲဖြစ်ဖြစ် လူနာတွေကတော့ အခွင့်အရေးတွေဆုံးရှုံးရတယ်။ စစ်တွေမြို့ကိုပဲ မှီခိုနေရတယ်။ အရင် ဆရာဝန်ရှိတုန်းကဆိုရင် ကျနော်တို့ မိသားစုဝင်အထဲကတစ်ယောက်နေမကောင်းဖြစ်ရင် ဆရာဝန်ဆီသွားပြပြီးတော့ ဆရာဝန်ညွှန်ကြားချက်အရ ဆေးရုံကြီးကိုသွားလိုက်တဲ့အတွက် သက်ရှိထင်ရှားရှိနေခဲ့တာကို မျက်မြင်ကိုယ်တွေ့ရှိခဲ့ပါတယ်။ ဆရာဝန်မရှိတော့ သေရမယ့် ရောဂါမှန်းမသိ၊ စစ်တွေကိုသွားပြီး ကုရမယ့်ရောဂါမှန်းမသိရတဲ့အခါ ပြည်သူတွေအနေနဲ့ အများကြီး အခက်အခဲဖြစ်ရပါတယ်။ အခုတော့ တိုက်နယ်ဆေးရုံဟာ ဝါဘိုကရွာသားတွေအတွက် အားကိုးရထိုက်တဲ့ဆေးရုံတစ်ခုမဟုတ်တော့ဘူးလို့ ကျနော်ကသုံးသပ်တယ်" ဟုပြောသည်။

အဆိုပါ ဝါဘိုကျေးရွာသည် လူဦးရေ ၂၆၀၀ ကျော်ရှိသည့် ကျေးရွာကြီးတစ်ခုဖြစ်ပြီး ဝါဘိုကျေးရွာ အုပ်စုတစ်စုလုံးတွင် လူဦးရေ ၃၀၀၀ နီးပါးရှိကြောင်း သိရသည်။

အဆိုပါဝါဘိုတိုက်နယ်ဆေးရုံကို လွန်ခဲ့သည့် ၂၀၁၀ ဝန်းကျင်ခန့်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(NN-8)

ဆက်စပ် သတင်းများ