စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူနည်း၍ ရခိုင်တွင် စာစစ်ဌာန ၆၀ထိလျော့ချ၊ မြို့ပေါ်စာစစ်ဌာနများတွင်ဖြေဆိုရမည်ဖြစ်၍ နယ်ကျောင်းသားများအခက်အခဲရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.6k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၃

 

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စနစ်ဟောင်းဖြစ်သဖြင့် ရခိုင်တွင် ဖြေဆိုသူ ကျောင်းသားဦးရေ လျော့ကျသွား၍ နယ်စာစစ်ဌာများတွင် စာမေးပွဲဖြေဆိုရမည်မဟုတ်ဘဲ မြို့ပေါ် စာစစ်ဌာနများွင် သွားရောက်ဖြေဆိုကြရမည်ဖြစ်ရာ ငွေကြေးမတတ်နိုင်သူ နယ်ကျောင်းသားများအနေဖြင့် အခက်အခဲ ရှိနေကြသည်ဟု သတင်းရရှိသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဝင်ရောက်ဖြေဆိုသည့်ကျောင်းသား၊ကျောင်းသူ (၄၁,၀၀၀) ကျော်ရှိခဲ့ပြီး စာစစ်ဌာန (၁၂၈) ခုတွင်စစ်ဆေးခဲ့ကြောင်း၊ ယခုနှစ် (၂၀၂၃) တွင် ဝင်ရောက် ဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူ (၁၉,၁၆၅) ဦးသာရှိ၍ စာစစ်ဌာန (၆၀) အထိ လျော့ချခဲ့ရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကပြောသည်။ 

 

"ကျောင်းသားဦးရေအရ၊ ကျောင်းသားဝင်ဆံ့ဦးရေအရ ၊ အနည်းအများအပေါ်မူတည်ပြီး မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက လုပ်တာပါ။ ဒီနှစ်က ကျောင်းသားအရမ်းနည်းသွားတဲ့အခါကျတော့ နယ်တွေမှာ စာစစ်ဌာန မထည့်လိုက်တော့ဘူးပေါ့နော်။ မြို့ပေါ်မှာပဲ အများအားဖြင့် စစ်တာပါ"ဟု ပြောသည်။ 

 

နယ်မှလာရောက်ဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူများအတွက် အဆင်ပြေစေရန်လိုအပ်သလို စက်လှေနှင့် တည်းခိုစရာနေရာများပြင်ဆင်ပေးရန် အစီအစဉ်ရှိကြောင်း သူကဆက်ပြောသည်။ 

 

သို့သော် ရခိုင်တွင်ကြုံတွေ့ခဲ့ရသည့် စစ်ရေး၊ နိုင်ငံရေ၊ စီးပွားရေးအခြေအနေများနှင့် ကုန်စျေးနှုန်း ကြီးမြင့်မှုတို့ကြောင့် မြို့ပေါ်တွင် နေထိုင်စားသောက်ပြီး စာမေးပွဲသွားရောက်ဖြေဆိုရန်မှာ အခက်အခဲ များစွာရှိနေကြောင်း ကျောင်းသားမိဘတစ်ဦးဖြစ်သ ဒေါ် ခင်ခင်ဝင်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။ 

 

"နယ်ကလူတွေအနေနဲ့ မြို့ပေါ်တစ်ခေါက်သွားဖို့အတွက် ငွေကြေးကအစ အခက်အခဲတွေ ကြုံရပါတယ်  ကျမတို့ ခက်ခဲသလို နယ်တွေက၊ ဟိုး ချောင်းဖျား၊ချောင်းခေါင် ရပ်ဝေးက ပညာ လာသင်သူတွေကပိုပြီး အခက်အခဲရှိပါတယ်။ ကျမတို့လည်းတစ်နေ့စာ တစ်နေ့ရှာ စားသူတွေဆိုတော့ မြို့ပေါ်တက်ပြီး စာမေးပွဲဖြေဖို့က ခက်ခဲပါတယ်"ဟု ပြောသည်။ 

 

မြို့ပေါ်စာစစ်ဌာနများကို သွားရောက်ဖြေဆိုရန် အခြေခံလက်လုပ်လက်စားမိသားစုများ သားသမီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငွေကြေးအရ အခက်အခဲ ဖြစ်နေရကြောင်း မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာက ကျောင်းသားတစ်ဦးကလည်း ပြောဆိုသည်။

 

"ကျနော်တို့မှာ မြို့ပေါ်တစ်ခါသွားစာမေးပွဲစစ်ဖို့အတွက် အနည်းဆုံး သုံး၊ လေးသိန်းကုန်မှာပါ။ ဒါ့အပြင် မိဘတွေပါ လိုက်ရမှာဆိုတော့ တစ်နေ့လုပ်တစ်နေ့စားရသူတွေကျတော့ အလုပ်ပျက်လို့လည်း အဆင်မပြေတာတွေရှိပါတယ်။ တစ်နှစ်လုံးခက်ခက်ခဲခဲနဲ့ ဒီနှစ်နောက်ဆုံးဆိုပြီး အကုန်အကျခံ သင်လာခဲ့ရတာပါ။ အခုထပ်ကုန်ဖို့ကျတော့ မတတ်နိုင်သူများပါတယ်။ ကိုယ့်စာစစ်ဌာနမှာပဲ ဖြေချင်ပါတယ်။ တခြား ရွာတွေက ဒီလာတက်တဲ့ သူငယ်ချင်းတွေဆိုပိုဆိုးပါတယ်။ တချို့တွေဆို ငွေကြေးမတတ်နိုင်လို့ ဝင်မဖြေတော့ဘူးလို့ပြောကြတာတွေတောင်ရှိတော့ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်" ဟု ပြောသည်။

 

 ယခုနှစ်စစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်ဟောင်းသင်ရိုးညွန်းတမ်း နောက်ဆုံး စာမေးပွဲဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မအောင်မြင်ပါက စနစ်သစ် သင်ရိုးညွှန်းတမ်းဖြင့် ဆက်လက် ပညာ သင်ကြားကြရမည်ဖြစ်သဖြင့် စနစ်ဟောင်း ကျောင်းသားများ အနေနှင့် ယခုနှစ်ဝင်ရောက်မဖြေဆိုနိုင်ပါက များစွာဆုံးရှုံးနစ်နာမည်ဖြစ်ကြောင်း ကျောင်းသူတစ်ဦးက ပြောသည်။

 

"ဒီနှစ်ကနောက်ဆုံးဆိုတဲ့စိတ်နဲ့ အခက်အခဲတွေကြားက ဝင်ဖြေကြရတာပါ။ အောင်လည်း အောင်ချင်သလို အခုလိုအခက်အခဲတွေကြောင့် ဝင်မဖြေလိုက်ရတာမျိုးကိုလည်း စိုးရိမ်နေမိတယ်။ မိဖတွေဘက်ကိုလည်းကြည့်ရတော့။ တတ်နိုင်မလား မြို့ပေါ်ထိ စာမေးပွဲအတွက် စရိတ်ပေးဖို့။ မဖြေလိုက်ရရင်တော့ ပိုပြီး နစ်နာပါတယ်"ဟု ပြောသည်။ 

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၁၀) ရက်ကြာ စစ်ဆေးမည့်  စာမေးပွဲကာလအတွင်း နယ်ကျောင်းသား ကျောင်းသူများ အဆင်ပြေပြေ စာမေးပွဲဖြေဆိုနိုင်ရန် ရခိုင်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာအလှူရှင်များအနေဖြင့် ဝိုင်းဝန်းကူညီ စီစဉ် ဖြေရှင်းပေးပါက ပိုမိုသင့်တော် ကောင်းမွန်မည်ဖြစ်ကြောင်း သူမက ပြောဆိုသည်။ (NN-7)


(ပုံစာ- ပုံဟောင်း)

ဆက်စပ် သတင်းများ