ဖေဖော်ဝါရီ၂၀/၂၀၂၃
ခရီးသည် လေးဦးလိုက်ပါလာသည့် Cessna 340 အမျိုးအစား လေယာဉ်ငယ်တစ်စီးသည် ပြီးခဲ့သည့် စနေနေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ မီးတောင်ရှင်တစ်ခု၏ တွင်း၀ထဲသို့ ပျက်ကျသွားခဲ့သည်။
ဆက်ဆနာ ၃၄၀ အမျိုးအစား လေယာဉ်ငယ်သည် ခရီးသည်လေးဦးနှင့်အတူ ဖိလစ်ပိုင်ငံ အယ်လ်ဘေးပြည်နယ်၊ ဘိုင်ကို နိုင်ငံတကာလေဆိပ်မှ မနီလာမြို့သို့ ထွက်ခွါပျံသန်းပြီး မကြာမီမှာပင် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့သည်။
မနီလာအခြေစိုက် စွမ်းအင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းက အဆိုပါလေယာဉ်မှာ ၎င်းတို့ ကုမ္ပဏီပိုင် လေယာဉ်ဖြစ်ကြောင်းနှင့် ပေပေါင်း ၆၀၀၀ မြင့်သော မတ်စောက်သည့် တောင်ကြားတစ်နေရာတွင် လေယာဉ်ကိုရှာဖွေတွေ့ရှိထားကြောင်း ပြောကြားသည်။
လေယာဉ်ပေါ် လိုက်ပါလာသူ လေးဦးအနက် နှစ်ဦးမှာ ဩစတြေးလျနိုင်ငံသားများဖြစ်သည်ဟု ဘိုင်ကို ရဲများက ပြောကြားပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အနံ့ခံခွေးများနှင့်အတူ ပျက်ကျသွားသည့်နေရာသို့သွားရောက်ရှာဖွေနေသည်ဟု ဆိုသည်။
" အဓိကပြဿနာက ရာသီဥတု အတော်ဆိုးနေတာပဲ။ မြေပြင်ရှာဖွေရေး ပြုလုပ်ဖို့ ဘာမှရှင်းရှင်းလင်းလင်း မမြင်၇ဘူး ဖြစ်နေတယ်"ဟု ဖိလစ်ပိုင်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဲရစ် အပိုလိုနီယိုက ပြောကြားသည်။
အယ်ဘေးပြည်နယ် သဘာ၀ဘေးအန္တရာယ်ဌာနမှ အရာရှိ ဆီးဒရစ်ဒေ့ပ် က လေယာဉ်ပျက်ကို မီးတောင်၀၏ မီတာ ၃၀၀ နှင့် ၃၅၀ကြားနေရာတွင် တွေ့ရှိ၇သည်ဟု ပြောကြားခဲ့ပြီး လှုပ်ရှား နေဆဲ မီးတောင်ဖြစ်သောကြောင့် အချိန်မရွေးပေါက်ကွဲပြီး ကယ်ဆယ်သူများ အတွက်အန္တရာယ် ရှိနိုင်သည်ဟု ဆိုသည်။
တနင်္လာနေ့အထိ ပျောက်ဆုံးနေသူများကို ကောင်းကင်ယံမှ ရှာဖွေရေး ဆက်လက် ပြုလုပ်လက်ရှိသည်။
" သူတို့အားလုံး သေဆုံးသွားပြီဆိုပြီး ကျွန်တော်တို့ လက်မလျှော့လိုက်ကြသေးပါဘူး" ဟု ဒေ့ပ်က ပြောသည်။
ref: AFP