Preview

နွေစသည်နှင့် ရခိုင်ရှိ ကျေးရွာအချို့နှင့်စစ်ရှောင်စခန်းများတွင် ရေရှားပါးမှုကြုံတွေ့နေရပြီ

ဖေဖော်ဝါရီ ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :6133
ရခိုင် သတင်း

နိရဥ္စရာ ၊ဖေဖော်ဝါရီ ၂၀ / ၂၀၂၃

နွေရာသီရောက်လာသည်နှင့်  တစ်ပြိုင်နက်တည်း၇ခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများ အပါအဝင် စ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေ  ရှားပါးမှုကို စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်းသတင်းရရှိသည်။

ပေါက်တောမြို့နယ်မြတဲကျေးရွာတွင်ဆိုလျှင် ကျေးရွာသားများအဓိကအသုံးပြုနေရသည့် ရေကန် ၃ ကန်ရှိရာယခုဖေဖော်ဝါရီလထဲတွင်ရေများစတင်ခမ်းခြောက်နေပြီဖြစ်၍ ရေများကိုနည်းမျိုးစုံဖြင့် ကြိုတင်သိုလှောင်နေရပြီး ချွေတာသုံးစွဲနေရကြောင်းကျေးရွာသားများကပြောသည်။

ယင်းသို့နွေရာသီမကျရောက်မီကပင်သောက်သုံးရေကန်များခြောက်ခမ်းနေသောကြောင့် နွေရာသီတွင် သောက်သုံးရေလုံး၀ပြတ်လပ်သွားနိုင်ကြောင်းလည်း  မြတဲကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

"ကန်မှာကတော့ ရေခမ်းနေပါပြီ။ရေကန်က မိုးရေကိုလှောင်ထားတဲ့ ကန်ပေါ့။ အောက်ကလည်းစုပ်ယူတယ်၊ အထက်ကလည်းနေပူကြောင့် ရေခမ်းသွားပြီ။ ဒီကန်ကရွာသားတွေသုံးလို့မလောက်ဘူး။ အခြားကန်တွေတော့ရှိတယ်။ ဒါပေမယ့် နွံတွေများတော့သုံးမကောင်းဘူး။နွေရာသီရောက်ပြီဆိုရင် ရေပြသနာပေါ်ပြီ" ဟု ပြောသည်။

အဆိုပါ ပေါက်တောမြို့နယ်၊မြတဲကျေးရွာတွင် ရေကန်တူးဖော်ရန် မြေအောက်တွင် ကျောက်သားထု ခံနေသဖြင့် အခက်အခဲရှိပြီးအဝီစိရေတွင်းလည်း တူးဖော်၍မ၇သလို ရေကန်နက်နက် တူးဖော်ပါကလည်း ဆားဓာတ်ပါသည့်ရေသာထွက်ရှိသဖြင့် သုံးစွဲရန်အဆင်မပြေကြောင်း ဒေသခံများက ပြောသည်။

အလားတူ နှစ်စဉ်ရေရှားပါးမှုဒဏ်ကိုကြုံတွေ့နေ၇သည့် တောင်ကုတ်မြို့နယ်၊ ကျောက်တံခါး ကျေးရွာတွင်လည်းရွာသားများအသုံးပြုနေသည့် သောက်သုံးရေကန်ခြောက်ခမ်းသွားပြီးနေ့စဉ်သောက်သုံးရေကို ဝယ်ယူသုံးစွဲနေကြရကြောင်း ရွာသားများက ပြောသည်။

 

အချို့ရွာသားများမှာရွာမှ ၄ ဖာလုံခန့်ဝေးသည့် တောင်ကုတ်ချောင်းထဲမှရေကို ခပ်ယူသုံးစွဲနေကြရကြောင်းကျေးရွာသားတစ်ဦးက ပြောသည်။

"ရွာက တယောက်ကတောင်ကုတ်ချောင်းကရေကို ပိုက်သွယ်ပြီးစက်နဲ့တင်တယ်။ အဲဒီရေကို ပြန်ဝယ်သုံးနေရပါတယ်။တချို့ဆိုင်ကယ်ရှိတဲ့သူတွေက တောင်ကုတ်ချောင်းထဲက သွားခပ်ကြတယ်။တောင်ကုတ်ချောင်းက ရွာနဲ့ ၄ ဖာလုံလောက်ဝေးတယ်" ဟု ပြောသည်။

အလားတူ ကျောက်တော်မြို့နယ်၊ပေါက်လေ၀ကျေးရွာနှင့် အနီးနားဝန်းကျင်ကျေးရွာများ၊ မင်းပြားမြို့နယ်ဖလောင်းပြင် ကျေးရွာရှိ သောက်သုံးရေကန်များမှာလည်း ရေများခြောက်ခမ်းနေပြီ ဖြစ်၍ သောက်သုံးရေအခက်အခဲနှင့်ရင်ဆိုင်နေ၇ကြောင်း ကျေးရွာသားများက ပြောသည်။

ယင်းသို့သောက်သုံးရေရှားပါးမှုကို ရခိုင်စစ်ဘေးရှောင်စခန်းအများစုတွင်လည်းကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်စစ်ဘေးရှောင်စခန်း၊ ဗန်းဗွီးကျေးရွာနှင့် စစ်ရှောင်စခန်း တို့တွင်လည်း သောက်သုံးရေခမ်းခြောက်နေ၍စခန်းရှိရေအခက်အခဲ ဖြစ်ပေါ်နေကြောင်း ဗန်းဗွီးကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"ရေကန်တွေကလုံး၀ခမ်းခြောက်နေပြီ။ ရေရှိသေးတဲ့ ကန်တွေကလည်း ရေတွေနောက်ကျိပြီးတော့သောက်သုံး၇အဆင်မပြေဘူး" ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီးသောက်သုံးရေရှားပါးသည့်ဒေသများကို မည်သို့ ကူညီဆောင်ရွက် ပေးသွားမည်ကို သိလို၍ ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှပြည်နယ်ဦးစီးမှူး ဦးဦးချစ်မောင်ကို ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ

ဆက်လက်ပြီးရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး ဦးစောဝင်းကို ဆက်သွယ်ရာ အလုပ်များနေသည်ဟုဆိုကာဖုန်းချသွားခဲ့သည်။

ရခိုင်မြို့နယ်အချို့ရှိ ကျေးရွာများနှင့်စစ်ဘေးရှောင်စခန်းများတွင် နှစ်စဉ်နွေရာသီ သောက်သုံး ရေရှားပါးမှု ဒဏ်ကို ကြုံတွေ့နေရပြီး မသန့်ရှင်းသည့် သောက်သုံးရေများကိုသောက်သုံး၇ခြင်းကြောင့် ကလေးသူငယ်အများစုမှာ ဝမ်းရောဂါဖြစ်ပွားမှု၊အဖုအပိန့်ယားနာများပေါက်ရောက်ပြီး သေဆုံးမှုများလည်းဖြစ်လေ့ရှိသည်ဟုစစ်ရှောင်စခန်းတာဝန်ရှိသူများက ပြောကြသည်။

 

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်အတွင်း ၇ခိုင်မှ သဘာ၀ဓာတ်ငွေ့အမေရိကန်ဒေါ်လာ  ၁ ဒဿမ ၄၃ ဘီလီယံဖိုးထိ တရုတ်ကိုရောင်းချခဲ့သော်လည်း  ၎င်းငွေများကို ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေသုံးစွဲခြင်းမရှိသလို လူနေမှုဘ၀ မြင့်မားအောင် ဆောင်ရွက်မှုလည်းတစ်စုံတစ်ရာ မရှိသည့်အတွက် ၇ခိုင်ပြည်နယ်သည်  နွေဆိုလျှင် ရေရှားပြီး  လျှပ်စစ်မီးလည်းအနည်းဆုံး သုံးစွဲနေရသည့် ပြည်နယ်တစ်ခုဖြစ်နေကြောင်း သိရှိ၇သည်။ (NN-23 /NN-7)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.