စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရေတပ်သင်္ဘောပေါ် နှိပ်စက်ခံခဲ့ရပြီးနောက် ထောင် ၃ နှစ်ချမှတ်ခံခဲ့ရသည့် ကျောက်ဆိပ်ရွာသား ၅ ဦး လွတ်ရက်စေ့၍ လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.9k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၃

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ ရေတပ်သင်္ဘောပေါ်နှိပ်စက်ခံရပြီး ထောင်ဒဏ် ၃ နှစ် မတရားချမှတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ရွာသား (၅)ဦးသည် လွတ်ရက်စေ့၍ ယနေ့နံနက်တွင် လွတ်မြောက်လာကြပြီဟု သိရသည်။

ယနေ့လွတ်မြောက်လာသူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄) နှစ်၊ ကိုမောင်ချေ(၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နှင့် ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ဖြစ်သည်။

သူတို့ကို ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက် ၉ နာရီကျော်တွင် စစ်တွေအကျဉ်းထောင်မှ လွှတ်ပေးကာ စစ်တွေမြို့မရဲစခန်းသို့ ယူဆောင်သွားပြီး နံနက် ၁ဝ နာရီခန့်တွင် စစ်တွေမြို့မရဲစခန်းမှတဆင့် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ 

သူတို့သည် AA နှင့်ဆက်စပ်သည်ဟုဆိုကာ မဟုတ်မမှန်ဘဲ စစ်တပ်၏မတရားစွပ်စွဲမှုကြောင့် စစ်တွေအကျဉ်းထောင်တွင် ၃ နှစ်တိုင်တိုင် ထောင်ဒဏ်ချမှတ်ခံခဲ့ရမှုကြောင့် ၎င်းတို့၏ လူမှုစီးပွားရေးအဖက်ဖက်နစ်နာမှုများ ဖြစ်ခဲ့ရသည်ဟု လွတ်မြောက်လာသည့် ကိုညီညီအောင်က မီဒီယာများကိုပြောသည်။

“မဟုတ်မမှန်ဘဲနဲ့ ပေးဆပ်ခဲ့ရတာကိုတော့ ဝမ်းနည်းမိတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုးအတွက် ကိုယ်ပေးဆပ်ခဲ့ရတာကိုတော့ ဂုဏ်ယူပါတယ်”ဟု ပြောသည်။

 သူတို့ ၅ ဦးအပါအဝင် ကျောက်ဆိပ်ကျေးရွာမှ လူပေါင်း ၃၈ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယင်းအထဲမှ (၃၃) ဦး ပြန်လည် လွတ်ပေးခဲ့သော်လည်း သူတို့ ၅ ဦးကို လွှတ်ပေးခဲ့ခြင်းမရှိဘဲ ရေတပ်သင်္ဘောပေါ်တွင် အကြီးအကျယ် ညှဉ်းပမ်း နှိပ်စက်ကာ နောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။

သူတို့ကို စစ်ကောင်စီတပ်က ဗိုလ်ကြီးတင့်နိုင်ထွန်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)ဖြင့် တရားလိုလုပ်ကာ တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်။

အမှုကို ၂ နှစ်ကျော်အကြာ စစ်တွေထောင်ထဲမှ ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် စစ်တွေခရိုင်တရားသူကြီးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် ထောင် (၃) နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ (NN-8)

Photo - Narinjara and Wai Hun Aung

ဆက်စပ် သတင်းများ