နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ယနေ့နံနက်အစောက နှင်းများထူထပ်စွာကျဆင်းနေမှုကြောင့် နံနက်ပိုင်းထွက်ခွာမည့်ရန်ကုန်-စစ်တွေလေယာဉ်ခရီးစဉ်အားလုံးကို အချိန်ရွေ့ဆိုင်းခဲ့ရသည်ဟု ခရီးသည်များကပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊နံနက်အစောပိုင်းတွင် စစ်တွေမြို့၌ နှင်းများ ဆိုးဝါးစွာ ထူထပ်ကျဆင်းနေသည့်အတွက်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ယနေ့နံနက်ပိုင်းကထွက်ခွာမည့် ရန်ကုန်-စစ်တွေလေယာဉ်ခရီးစဉ်များအားလုံးကိုနံနက် ၁၀ နာရီမှ စတင်ထွက်ခွာရန် အချိန်ရွေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု လေယာဉ်စီး ခရီးသည်းများကနိရဉ္စရာကို ပြောသည်။
စစ်တွေမှ ရန်ကုန်သို့လိုက်ပါမည့်လေယာဉ်စီးခရီးသည်တစ်ဦးက “ဒီနေ့က ရာသီဥတုဆိုးရွားတယ်ပြောရမလားပဲ။နှင်းတွေတအားကျတယ်။ မိုးမှုန်တွေကျသလိုမျိုးကို ကျနေတာ။ ရန်ကုန်လေဆိပ်ကအသိတစ်ယောက်ဆီ ဖုန်းဆက်မေးကြည့်တော့ နှင်းတွေကျနေတယ်။ Weather က မကောင်းလို့ ရန်ကုန်လေဆိပ်ကနေစစ်တွေကိုထွက်ခွာလာမဲ့အချိန်ကို ရွေ့ဆိုင်းလိုက်ရတယ်လို့သိ၇တယ်” ဟု ပြောသည်။
နှင်းများထူထပ်စွာကျဆင်းနေ၍လေယာဉ်ခရီးစဉ်များအချိန်ရွေ့ဆိုင်းလိုက်ရခြင်းမှာ ခရီးသည်များ၏အသက်အန္တရာယ်လုံခြုံရေးနှင့် ခရီးသည်များ အန္တရာယ်ကင်းကင်းဖြင့်လိုက်ပါစီးနင်းနိုင်ရန်ဖြစ်သည်ဟုလည်း စစ်တွေလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာကိုပြောသည်။
“Weather ကမကောင်းတော့ လေယာဉ်အထက်မှာပျံသန်းရာမှာလည်း စိုးရိမ်မှုတွေရှိနိုင်တယ်။နှင်းတွေတအားကျနေလို့လေ။ ပြေးလမ်းနဲ့လွဲချော်သွားတာတွေလည်း ရှိချင်ရှိနိုင်မယ်။ဒါကြောင့်မလို့ ရန်ကုန်လေဆိပ်က ၁၀ နာရီလောက်မှ စထွက်ရင် စစ်တွေကို ၁၁ နာရီလောက်လေယာဉ်ဆိုက်မယ်။ အဲ့ကလေယာဉ်ဆိုက်မှ ဒီကထွက်ခွာ၇မှာပါ” ဟု ပြောသည်။
ယင်းအပြင် နောက်ထပ်ခရီးသည်တစ်ဦးကလည်းရာသီဥတုကြောင့် လေယာဉ်ခရီးစဉ်များအချိန်ရွေ့ဆိုင်းလိုက်၇ခြင်းအပေါ်နားလည်ပေးနိုင်သည်ဟု ပြောသည်။
“အချိန်ရွေ့ဆိုင်းလိုက်တာကအဓိကမဟုတ်ပါဘူး။ အဓိကက အန္တရာယ်ကင်းကင်းနဲ့လိုက်ပါစီးနင်း၇ဖို့ပဲဖြစ်ပါတယ်။အချိန်နောက်ကျသွားလို့တော့ ဘာမှမဖြစ်ပါဘူး” ဟု ပြောသည်။
စစ်တွေအပါအဝင်ရခိုင်မြို့အချို့တွင် ယခုရက်ပိုင်းအတွင်း နံနက်အစောပိုင်းတွင်နှင်းများထူထပ်စွာကျဆင်းနေမှုကြောင့် ကုန်းလမ်း၊ ရေလမ်းခရီးယာဉ်မောင်းသူများအနေဖြင့်လည်း သတိဝိရိယဖြင့် မောင်းနှင်ရန်လိုအပ်သည်ဟု ဒေသခံများကပြောသည်။ (NN-12)
ဓာတ်ပုံ - ယနေ့နံနက်ပိုင်းကစစ်တွေလေဆိပ်အတွင်း နှင်းများ ထူထပ်စွာကျဆင်းနေသည်ကို မြင်တွေ့၇စဉ်။