တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့ရှိ သမိုင်းဝင် မဟာမုနိဘုရားပလ္လင်တော်ကို ဓညဝတီခေတ်လက်ရာအတိုင်း အသစ်ပြန်လည်ပြုလုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.5k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၃


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မဟာမုနိဘုရားပလ္လင်တော်ကို မြောက်ဦးဆရာတော်ကြီး၏ လမ်းညွှန်မှုအတိုင်း အသစ်ပြန်လည်ပြုလုပ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ စ၍ မဟာမုနိဘုရားပလ္လင်တော်ကို ရခိုင်ယဉ်ကျေးမှု ရိုးရာန် ကျောက်ဆစ်လက်ရာများနှင့် ဓညဝတီခေတ် လက်ရာကို အဓိကအခြေခံပြီး ပြုလုပ်ထားသည်ဟု မဟာမုနိဘုရားတွင် ပန်းချီဒီဇိုင်းနာတစ်ဦးဖြစ်သူ ဦးထူးလှက နိဉ္စရာကိုပြောသည်။

ပလ္လင်တော်ကို ကျွန်တော်တို့ များသောအားဖြင့် ဓညဝတီခေတ်လက်ရာ ပြန်လည် ပြင်ဆင်ထားတာပါ။ ဗျာလရုပ်တွေ၊ ဗောဓိသတ္ထရုပ်တွေ နဲ့ ပြန်လည်ဆင်ထားတာပါ။ ဒါတွေကလည်း ဓညဝတီခေတ်မှာ ရှိတဲ့ရုပ်တွေပါ။ ကျွန်တော်တို့ ရခိုင်ဟန်တွေကို ယူပြီးတော့ ကျောက်ဆစ် လက်ရာတွေနဲ့ အသုံးပြုထားပါတယ်။ အဓိကပြုလုပ်ရတာက အစကနေ သိမ်တိုင်တွေက အက်ကွဲပြီးတော့ ဖြစ်နေပါပြီ။ ပလ္လင်တော်မှာရောပေါ့။ အဲ့လိုပျက်နေတာတွေကို ဆရာတော်ကြီးက မြင်တော့ ဂေါပကတွေ နဲ့ ဌာနဆိုင်ရာတွေနဲ့ အစည်းအဝေးလုပ်ပြီးတော့ ဆရာတော်ကြီးက ပြုပြင်ချင်တယ်လို့ မိန့်တော့ လမ်းညွှန်မှုအတိုင်း  တဖန်ပြုပြင်ဖြစ်တာပါ ဟုပြောသည်။

မဟာမုနိဘုရား ပလ္လင်တော်၊ သိမ်တော်တိုင်များ ပျက်စီးအက်ကွဲနေမှုများရှိနေ၍ ရတနာ့မာရ်အောင် ဆရာတော်ကြီး (မြောက်ဦးဆရာတော်) ၏ တောင်းဆိုညွှန်ကြားမှု အတိုင်း ပြန်လည်ပြုလုပ်ရခြင်း ဖြစ်ကာ နဂိုမူလလက်ရာများကိုလည်း မပျက်စီးရလေအောင်လည်း မဟာမုနိဘုရား သိမ်တော်ပတ်ပတ်လည် နှင့် မဟာမုနိပြတိုက်တွင်ရှိသည့် အရုပ်များကို ပေါင်းစပ်ပြုလုပ်ထားသည် ၎င်းက ဆက်ပြောသည်။

ကျွန်တော်တို့ မဟာမုနိဘုရားရဲ့ ပတ်ပတ်လည်မှာရှိတဲ့ နတ်ရုပ်တွေ၊ ပြီးရင် မဟာမုနိပြတိုက်မှာရှိတဲ့ အရုပ်တွေကို ပေါင်းစပ်ပြီးတော့ ပြန်လည်းဖန်တီးထားတာပါ။ ပလ္လင်တော်ကိုလည်း မဟာမုနိပြတိုက်မှာရှိတဲ့ ပန်းလက်ရာကို ယူပြီး တည်ဆောက်ထားတာဖြစ်တယ်။ သို့သော်လည်း နဂိုမူလအတိုင်းထက် ဖန်တီးမှုတော့ နည်းနည်းပါတာပေါ့။ ပလ္လင်က သူ့ဟာနဲ့သူ တစ်ခါတည်းမလုပ်နိုင်ဘူး။ အဆင့်ဆင့်လုပ်ရတယ်။ အားလုံးတစ်ပြိုင်တည်း လုပ်တာမဟုတ်ဘူးဗျာ။ အချိန်ပေးရပါတယ် ဟုပြောသည်။

မဟာမုနိရုပ်ပွားတော်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ သမိုင်းဝင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။

 

၎င်းကုန်းတော်ပေါ်တွင် စံပ္ပါယ် ကိန်းဝန်တော်မူသည့် မဟာမြတ်မုနိရုပ်ပွားတော်ကို အေဒီ ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို ဗမာဘုရင် ဘိုးတော်ဘုရား သိမ်းပိုက်ပြီးနောက် မန္တလေး အမရပူရသို့ ယူဆောင်သွားခဲ့သည်။ ၎င်းနောက် ယခု လက်ရှိ မဟာမုနိဘုရားကို ရခိုင်ပြည်သူများက အစားထိုး ကိုးကွယ်ထားသည့်  ရှေးဟောင်းတန်ခိုးကြီးမဟာမုနိ ရုပ်ပွားတော်တစ်ဆူဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

မဟာမြတ်မုနိရုပ်ပွားတော်သည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က သွန်းလုပ်ခဲ့သည့် စစ်မှန်သောဗုဒ္ဓ၏ ကိုယ်ပွားတော်အဖြစ် ရခိုင်လူမျိုးများက ယုံကြည်ကြသည်။ (NN-13)

ဆက်စပ် သတင်းများ