စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရသေ့တောင် မယူကမ်းဒေသရှိ မဟာဇေယျသိဒ္ဓိအောင်တော်မူစေတီတော်တည်ရှိရာတောင်ပေါ်တွင် နယ်ခြားစောင့်တပ်များတပ်စွဲထားမှု ဖယ်ရှားပေးရန်စာရေးတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.7k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂/၂၀၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အနောက်ခြမ်း စေတီပြင် - ကျောက်ပန္ဒူ - အင်းဒင်ကျေးရွာတို့ကို ဆက်သွယ် ဖောက်လုပ်ထားသည့် ကားလမ်းဘေး မယူတောင်ခြေရှိ မဟာဇေယျသိဒ္ဓိအောင်တော်မူ စေတီတော်တည်ရှိရာ မျှော်တော်ဦးတောင်ထိပ်ပေါ်တွင် နယ်ခြားစောင့်တပ်များ တပ်စွဲနေရာယူခြင်းမပြုလုပ်ရန် စေတီဂေါပကအဖွဲ့က စာရေးတောင်းဆိုလိုက်ကြောင်း သိရသည်။

ဒေသတည်ငြိမ်နေသည့် လက်ရှိအချိန်တွင် သာသနာတော်ထွန်းကားရေးဆိုင်ရာလုပ်ငန်းများကို စဉ်ဆက် မပြတ်လုပ်ဆောင်နိုင်ရန် အဆိုပါတောင်ကုန်းပေါ်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမျှ တပ်စွဲ၊ နေရာယူခြင်း မပြုကြရေးကို မေတ္တာရပ်ခံချက်အဖြစ် တင်ပြတောင်းဆိုအပ်ပါသည်ဟုဆိုကာ စေတီဂေါပအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် စာတစ်စောင်ရေးသား  တင်ပြ တောင်းဆိုထားခြင်းဖြစ်သည်။

အဆိုပါစာကို ယင်းမျှော်တော်ဦးတောင်ပေါ်တွင် တပ်စွဲထားသည့် နယ်ခြားစောင့်တပ်ထံသို့လည်း သွားရောက် ပေးအပ်ထားကာ ယင်းမှတာဝန်ရှိသူတို့က အထက်သို့တင်ပြသွားမည်ဟု ပြောကြားလိုက်သည်ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းတောင်ထိပ်ပေါ်တွင် တပ်စွဲနေရာယူထားသည့် နယ်ခြားစောင့်တပ်ဖယ်ရှားပေးပါက စေတီတော်ထိန်းသိမ်း စောင့်ရှောက်ရေးကိစ္စများနှင့် ဗုဒ္ဓပူဇေနိယပွဲကျင်းပနိုင်ရေး လုပ်ဆောင်သွားရန် အစီအစဉ်များရှိသည်ဟု ဆက်ပြောသည်။

 

"ဘုရားပွဲလုပ်မယ်။ ဘုရားပုရဝုဏ်အတွင်းမှာ ပြုပြင်စရာရှိတာတွေကို ပြုပြင်သွားမယ်။ အဲဒီမှာ နန်းရာရှင်မနတ်ကွန်း၊ နတ်စင်ရှိတယ်။ အဲဒါတွေအားလုံးလည်း ပြိုပျက်နေပြီ။ ဘုရားပွဲ မချနိုင်တာကတော့ ၂၀၁၉ ခုနှစ်ကတည်းကနေ တိုက်ပွဲဖြစ်သွားလို့မချနိုင်တော့ဘူး။ အခုက ဒေသပြန်တည်ငြိမ်လို့ အပစ်ရပ်တုန်းကလည်း သူတို့က အဲဒီနေရာမှာ တပ်စွဲထားတော့ ဒေသခံပြည်သူတွေက ဘုရားကိုလည်းမပြုပြင်နိုင်သလို ဗုဒ္ဓပူဇေနိယပွဲတွေလည်း ချလို့မရဘူး ဖြစ်နေတယ်" ဟုပြောသည်။

အဆိုပါဘုရားစေတီတောင်ပေါ်တွင် နယ်ခြားစောင့်တပ်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ တပ်စွဲ နေရယူထားခြင်း ဖြစ်ပြီး ၎င်းတို့တပ်စွဲနေရာယူထားသဖြင့် စေတီပြုပြင်ထိန်းသိမ်းရေး၊ ဖူးမြော်ရေးနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးတို့အတွက် အခက်အခဲများရှိနေကြောင်း သိရသည်။

အဆိုပါမဟာဇေယျသိန္ဓိအောင်တော်မူစေတီတော်ကြီးကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် အလိုတော်ပြည့် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအရိယာဝံသနှင့် ပျံလွန်တော်မူသွားပြီဖြစ်သည့် စေတီပြင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ အာစရရံသီတို့၏ လမ်းညွှန်မှုဖြင့် ယခင်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် အနောက်တံခါး ကူညီစောင့်ရှောက်အဖွဲ့တို့၏ မတည်ငွေများနှင့် အတူ ဒေသခံများ၏ လှူဒါန်းငွေများဖြင့် စတင်တည်ထားကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။

 

အဆိုပါစေတီတော်၏ ဗုဒ္ဓပူဇေနိယပွဲတော်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အထိ စည်စည်ကားကားကျင်းပနိုင်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မဆက်မပြတ်ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေများကိုလည်း စနစ်တကျ သိမ်းဆည်းထားဆဲ ဖြစ်သည်ဟု ဂေါပကအဖွဲ့ဝင်များက ပြောသည်။

အဆိုပါစေတီတော်မြတ်တည်ရှိရာနေရာသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ကားလမ်းအဆုံကျသဖြင့် ယခင်နှစ်များကကျင်းပခဲ့ရသည့် ဗုဒ္ဓပူဇေနိယပွဲတွင် စည်ကားစွာကျင်းပမှုများရှိခဲ့သည်ဟု သိရသည်။ (NN-8)

ဆက်စပ် သတင်းများ