စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင် အကြီးဆုံးစာပေဆုဖြစ်သည့် “တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲ”ကို မတ်လ ၂၂ ရက်တွင်ပြုလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.5k

တစ်သက်စာပေဆုကို ရခိုင့်ဝါရင့်စာရေးဆရာကြီး ဆရာကြီး မောင်ဗသိန်းနှင့် ဂီတစာဆိုဆုကို ကိုလွမ်းဝေ(သံတွဲ)အားချီးမြှင့်မည်

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၃/၂၀၂၃

ရခိုင်တွင် အကြီးဆုံးစာပေဆုချီးမြှင့်ပွဲတစ်ခုဖြစ်သည့် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို လာမည့်မတ်လ ၂၂ ရက်(ဗုဒ္ဓဟူးနေ့)တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ခိုးကျေးရွာ၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု ပွဲကျင်းပရေးကော်မတီက ပြောသည်။

အဆိုပါဆုပေးပွဲကို တန်းခိုးကျေးရွာရှိ တန်ခိုးဆရာထွန်းစာကြည့်တိုက်ရှေ့တွင် ယင်းနေ့ ည ၇ နာရီ၌ ကျင်းပသွားမည်ဟု ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ နေ့လယ် ၁ နာရီခွဲတွင် စစ်တွေခရိုင်ပြန်/ ဆက်ရုံး၌ပြုလုပ်သော တန်းခိုးဆရာထွန်းစာပေဆု ချီးမြှင့်ပွဲကျင်းပရေးကော်မတီ ညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု ပွဲကျင်းပရေးကော်မတီမှ တွဲဘက်ဘဏ္ဍာရေးမှူး စာရေးဆရာ ဖဒူစံရွှေက နိရဥ္စရာကို ပြောသည်။

အဆိုပါဆုပေးပွဲတွင် တစ်သက်တာစာပေဆု၊ ဂီတစာဆိုဆု၊ ကဗျာဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆုနှင့် ကလေးကဗျာဆု(အချေကဗျာဆု) စုစုပေါင်း ၇ ဆုကို ချီးမြှင့်သွားမည်ဖြစ်သည်။

ယခုနှစ်အတွက် တစ်သက်စာပေဆုကို ရခိုင့်ဝါရင့်စာရေးဆရာကြီး ဆရာကြီး မောင်ဗသိန်းကို ချီးမြှင့်မည်ဖြစ်ပြီး ဂီတစာဆိုဆုကို ကိုလွမ်းဝေ(သံတွဲ)အား ချီးမြှင့်ရန် ကော်မတီက ရွေးချယ်ထားသည်ဟုလည်း ပွဲကျင်းပရေးကော်မတီမှ တွဲဘက်ဘဏ္ဍာရေးမှူး စာရေးဆရာ ဖဒူစံရွှေက နိရဥ္စရာကို ပြောသည်။

တစ်သက်တာစာပေဆုကို ချီးမြှင့်ခံမဲ့သူက အသက် (၈ဝ)ကျော်ဖြစ်ရမယ်။ နောက်ပြီး ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် စာပေနဲ့အကျိုးပြုသူဖြစ်ရမယ်။ ဂီတမှာလည်း အဲလိုပဲ။ ဂီတစာဆိုရေးတဲ့သီချင်းတွေဟာ ရခိုင်ပြည်နဲ့ရခိုင်လူမျိုးအတွက် အထောက်အကူပြုရမယ်။ ပြီးတော့ ရခိုင့်အငွေ့အသက်၊ ရခိုင့်အားမာန်၊ ရခိုင့်ဓလေ့စရိုက်သဘာဝ၊ ရခိုင့်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေကို ဖော်ကျူးနိုင်တဲ့၊ ပရိသတ်ရင်ထဲမှာ Heart ထိအောင် ဖန်တီးရေးသားနိုင်သူဖြစ်ရမယ်။ အဆိုရှင်ကိုပေးတာမဟုတ်ဘူး။ သီချင်းကို စတင်ဖန်တီးရေးသားသူကိုပေးတာဖြစ်တယ်။ ဂီတစာဆိုဆုမှာတော့ အသက်အရွယ်ကန့်သတ်ထားတာမရှိဘူးဟု ပြောသည်။

အဆိုပါပြိုင်ပွဲအတွက် ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးထား ဝင်ရောက်ယှဉ်ပြိုင်ထားကြသည့် စာမူများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆုချီးမြှင့်ရေးကော်မတီက စိစစ်ရွေးချယ်ပြီး ထိုက်သင့်သည့်ဆုကြေးများကိုလည်း ချီးမြှင့်ပေးသွားမည်ဟု ဆိုသည်။

တန်းခိုးဆရာထွန်းဆိုသူသည် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာဇာတိဖြစ်ပြီး ကိုလိုနီခေတ်တွင် ရခိုင်လူမျိုးများထဲမှ ထင်ရှားကျော်ကြားခဲ့သည့် ရခိုင်ဂန္ထဝင် တေးရေးနှင့် စာရေးဆရာကြီးတစ်ဦးလည်းဖြစ်သည်။

ဆရာကြီးသည် အသက် ၇ဝ ခန့်တွင် ကွယ်လွန်သွားခဲ့သည်။

ဆရာကြီးအား ဂုဏ်ပြုလိုသည့်ရည်ရွယ်ချက်နှင့် ထူးချွန်ထက်မြက်သည့် ရခိုင့်စာပေပညာရှင်များပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုစာပေဆုပေးပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီက ပြောသည်။

အဆိုပါဆုပေးပွဲကို ၂ဝ၁၁ ခုနှစ်မှစ၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ကြားထဲတွင် စစ်ရေး၊ နိုင်ငံရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

ယခုကျင်းပမည့်အဆိုပါပွဲသည် ၉ ကြိမ်မြောက်ဖြစ်ပြီး ဆုချီးမြှင့်ပွဲသို့ ရခိုင်တစ်ပြည်နယ်လုံးမှ စာပေချစ်ပရိသတ်များနှင့် စာရေးဆရာမည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

 

ပြီးခဲ့သည့်နှစ်ကကျင်းပသည့် တန်းခိုးဆရာထွန်းဆုပေးပွဲတွင် တစ်သက်တာ စာပေဆုကို ရခိုင့်ဝါရင့်စာရေးဆရာကြီး ဖိုးကျော့အားလည်းကောင်း၊ ဝတ္ထုဆုကို စာရေးဆရာမ မေလှိုင်းဖြူ(သံတွဲ)အားလည်းကောင်း၊ ဆောင်းပါးဆုကို ဇော်လွင်ဦး(ဟင်္သတ) အားလည်းကောင်း၊ ကလေးကဗျာဆုကို စျာန်ဟိန်း (မြောင်းဘွေ)အားလည်းကောင်း၊ ကဗျာဆုကို ဦးမောင်ကြီး(ဖွံ့ဖြိုးရေး သိပ္ပံ)လည်းကောင်း၊ ဂီတစာဆိုဆုကို ဦးထွန်းလှိုင်အားလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။

 

ပုံစာ- ၂၀၂၂ ခုနှစ်က ဆုချီးမြှင့်ခံရသူများကိုတွေ့ရစဉ်

 

ဆက်စပ် သတင်းများ