နိရဥ္စရာ၊ ဖေဖော်ဝါရီ၂၅ / ၂၀၂၃
နွေရာသီအတွင်းရခိုင်ပြည်နယ်မှ ရေရှားပါးမှုပြဿနာကြုံနေရသည့်ကျေးရွာများအနေဖြင့်သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်သည်ဟုပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဦးစောဝင်းကနိရဥ္စရာကို ပြောသည်။
"နွေရာသီရေရှားပါးရင်ဆိုင်ရာမြို့နယ်ကျေးလက်ဒေသရုံးတွေရှိပါတယ်။ အဲဒီ ဆိုင်ရာမြို့နယ် ကျေးလက်ဒေသရုံးတွေကိုသွားပြီး ကျွန်တော်ရွာမှာရေရှားပါးပါတယ်။ ဒီဟာတွေကိုသူတို့ကို သွားပြီးသတင်းပို့ပြီးရင် သူတို့ဘက်ကလုပ်မယ့်အရာတွေကို ပြောပါလိမ့်မယ်။ ဥပမာ ရေတအားရှားပါးတယ်ဆိုရင်သူတို့လုပ်ပေးပါလိမ့်မယ်" ဟု ပြောသည်။
အလားတူလူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရှိသည့် ကျေးလက်ဦးစီး(DRD) Group များသို့လည်းပြောဆို အကူအညီ တောင်းနိုင်သည်ဟု ဆက်ပြောသည်။
"ကျွန်တော်တို့Facebook မှာလည်းဖွင့်ထားပါတယ်။ ကျွန်တော်တို့ DRD(ကျေးလက်ဦးစီး) ဂရုထဲမှာလည်းရှိပါတယ်။ အဲဒီကတဆင့် အကူညီတောင်းလို့ ၇ပါတယ်" ဟု ပြောသည်။
ယင်းသို့ရေရှားပါးမှုကြုံနေ၇သည့်ကိစ္စကို မြို့နယ်ကျေးလက်ဌာနမှတာဝန်ရှိသူများထံနှစ်စဉ်သွားရောက် တင်ပြကြသော်လည်း မြို့နယ်နှင့် ပြည်နယ်ကျေးလက်ဌာနမှတာဝန်ရှိသူများအနေဖြင့် အရေးတယူ လုပ်ပေးခြင်း မရှိကြဟု လက်ရှိရေရှားပါးမှုကို ကြုံနေ၇သည့် ဗန်းဗွီးကျေးရွာသားတစ်ဦးက ပြောသည်။
"ကျေးလက်ဌာနကို ကျွန်တော်တို့နှစ်စဉ်ကြုံနေရတဲ့အခက်အခဲတွေကို တင်ပြခဲ့တာတွေရှိပါတယ်။ စာနဲ့ တင်ပြရင်လည်းတခါတလေ ရောက်ချင်တဲ့အခါမှ ရောက်တာမျိုးတွေရှိတယ်" ဟု ပြောသည်။
ရေအရင်းအမြစ်ရှားပါးပြီးနှစ်စဉ်သောက်သုံးရေပြတ်လပ်မှုရှိသည့်ဒေသများသို့ သက်ဆိုင်ရာကျေးလက်ဦးစီးဌာနက ပိုက်များသွယ်တန်းပြီး ရေဖြန့်ဝေပေးခြင်း၊ ရေရရှိနိုင်မည့်အဝီစိတွင်းများနှင့် စိမ့်စမ်းကြောမှ ရေမပြတ်ထွက်နိုင်သည့် ရေကန်များတူးဖော်ပေးခြင်းများပြုလုပ်ပေးရန်လိုအပ်ကြောင်း သူက ထောက်ပြပြောဆိုသည်။
ရခိုင်ဒေသသည်မိုးများသည့်ဒေသဖြစ်သော်လည်း နှစ်စဉ် နွေရောက်သည်နှင့် ရေရှားပါးမှုဒဏ်ကိုကြုံနေ၇သည်ဟု ဒေသခံများက ပြောသည်။
ယခုနှစ်တွင်လည်းယခု ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ရခိုင်မြို့နယ်အချို့ရှိ ကျေးရွာများနှင့်စစ်ဘေးရှောင် စခန်းများရှိသောက်သုံးရေကန်များမှာ ခမ်းခြောက်လာနေပြီးမြစ်ချောင်းအင်းအိုင်များရှိ မသန့်ရှင်းသည့်ရေများကို သုံးစွဲနေရသောကြောင့်စစ်ဘေးရှောင်အချို့ ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားလျက်ရှိသည်ဟုလည်းဒေသခံများက ပြောသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေသည့်စစ်ရှောင်စခန်းများမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ လူဦးရေ ၆၀၀ ခန့် နေထိုင်သည့် အထက်မြတ်လှဲစခန်းနှင့် ကံသစ်စစ်ဘေးရှောင်စခန်းတို့ဖြစ်သည်။
ယင်းအနက်စစ်ဘေးရှောင်ကလေးငယ်များမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပြီးဆေးခန်းပြရသည် အထိဖြစ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။ (NN-23)