ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ ဦးဇော်ဝင်းအပါအဝင် ၃ ဦးကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂၀၂၃

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခံထားရသည့် လူမှုရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းအပါအဝင် ၃ ဦးတို့အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက်ပေးသွားမည်ဟု သိရသည်။

 

ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း(၄၃)နှစ်၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်(၂၈) နှစ်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ် ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့ကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

 

သူတို့ ၃ ဦးကို ယခင်ရုံးချိန်းရက်များက တရားခံပြသက်သေများကို စစ်ဆေးပြီးသွားပြီဖြစ်၍ လာမည့် မတ်လ ၁၄ ရက်တွင် အပြီးသတ်လျှောက်လဲချက်ပေးရန် ယနေ့ရုံးချိန်းတွင် တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

 

သူတို့ကို လာမယ့် ၁၄ ရက်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးပါမှာ။ ပြီးရင် နောက်ရုံးချိန်းမှာ အမိန့်ချမယ်လို့ သိရပါတယ်ဟုပြောသည်။

 

တရားစွဲခံထားရသူများသည် တစ်စုံတစ်ရာအပြစ်မရှိ၍ ပြန်လွတ်လာဖို့ကို မျှော်လင့်မိသည်ဟု မိသားစုဝင်များက ပြောသည်။

 

ဦးဇော်ဝင်း၏ မိသားစုဝင်တစ်ဦးက နောက်အပတ် ၁၄ ရက်နေ့မှာ လျှောက်လဲချက်ပေးပြီးတော့ နောက်တစ်ပတ်မှာ အမိန့်ချမယ်ပြောပါတယ်။ လွတ်ရင်တော့ ကောင်းပါတယ်။ သူက အချုပ်ထဲမှာ နေလည်းကောင်းတာမဟုတ်ဘူး။ ခါးကိုက်လို့ ဆေးတွေဝယ်ပေးနေရတယ်။ သူတို့တွေလည်း အပြီးသတ်အမိန့်ချဖို့ကိုပဲ မျှော်လင့်နေကြပါတယ်ဟုပြောသည်။

 

ယင်းအပြင် ကိုဇော်မိုးထက်၏ မိသားစုဝင်တစ်ဦးကလည်း ကိုဇော်မိုးထက်မှာ ယခုစွဲဆိုထားသည့် ပုဒ်မ ၅၀၅-က နှင့် ငြိစွန်းမှုမရှိသည့်အတွက် ပြန်လွတ်လာဖို့ မျှော်လင့်မိသည်ဟု ပြောသည်။

 

ကျနော်တို့ဘက်က မျှော်လင့်ချက်ကတော့ လွတ်စေချင်တာပေါ့။ ဒီဟာက ပြစ်မှုနဲ့လည်း မငြိစွန်းဘူးလို့ ယူဆတယ်။ ဖုန်းမှာ ဇီးချောင်းသင်္ကြန်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ လူတိုင်းကို ပြပြီးတော့ ငါတို့ အေအေဘက်ကို ပူးပေါင်းပြီး လုပ်ပေးရမယ်လို့လည်း ပြောနေတာလည်းမဟုတ်ဘူး။ ပြီးတော့ အွန်လိုင်းထက်မှာတင်ပြီးလည်း အဲဒီပုံတွေကို ဖြန့်နေတာမဟုတ်ဘူးဟုပြောသည်။

 

ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ ရက်တွင် သူတို့ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

 

ယင်းအနက် ကိုဇော်ဝင်းကို အဆိုပါနေ့ နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ပြီး ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့အဝင် စိုက်ပျိုးရေးသိပ္ပံ လမ်းဆုံ၌ ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

သူတို့ ၃ ဦးကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း)များ ဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိရသည်။

 

ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။

 

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့ ပြီးခဲ့နှစ်ကဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းတွင် စစ်ကောင်စီက ရခိုင်မြို့နယ်အသီးသီးမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာခဲ့ကာ ကျန်သည့် ၂၀၃ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်က အွန်လိုင်းကတဆင့်ပြုလုပ်သည့် (၇) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။ (NN-3)

ဆက်စပ် သတင်းများ