Preview

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ကတိကဝတ်အတိုင်း နိုင်ငံတော်က ဆက်လက်အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြော

မတ် ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :4399
ရခိုင် သတင်း

နိရဥ္စရာ ၊ မတ် ၁ /၂၀၂၃

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ရှိ အထူးစီးပွားရေးဇုန်တွင် ပါဝင်သည့်ရေနက်ဆိပ်ကမ်းကို ကတိကဝတ်အတိုင်းနိုင်ငံတော်က ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု သိ၇သည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်ကကျောက်ဖြူမြို့နယ်ရှိ အထူးစီးပွားရေးဇုန်သို့ သွားရောက်၍စီမံကိန်းနှင့်ဆက်စပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကထိုသို့ ြောဆိုခဲ့ခြင်းဖြစ်သည်ဟုကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ အကြံပေးအဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

"အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးတော့နံပါတ်တစ်လုပ်ငန်းဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို နိုင်ငံတော်ဘက်ကစပြီးတော့ကတိကဝတ်အတိုင်းအကောင်အထည်ဖော်ဖို့ ဆောင်ရွက်မယ်။နောက်ပြီးတော့ အထူးစီးပွားရေးဇုန်နဲ့ဆက်စပ်ပြီ ဒေသခံတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင် စက်မှုဇုန် လုပ်ငန်းကိုလည်းဆက်ပြီးဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်" ဟု ပြောသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရက္ခိုင့်တပ်တော် (AA)နှင့်  အပစ်အခတ် ရပ်နားပြီး၃ လ အကြာတွင် ရခိုင်သို့လာရောက်ရှိလာခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင်မူ ကျောက်ဖြူအထူးစီးပွားရေဇုန်(SEZ)၊ ရေနက်ဆိပ်ကမ်း စီမံကိန်းများရှိရာ ကျောက်ဖြူမြို့သို့သွားရောက်ခဲ့ပြီး SEZ တာဝန်ရှိသူများ၊လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းပင် ဖြစ်သည်။

တရုတ်စီမံကိန်းတစ်ခုဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ရေနက်ဆိပ်ကမ်းစီမံကိန်းကို ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊မာန်အောင်မြို့နယ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊စက်မှုလက်မှုနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းတည်ဆောက်သွားရန်အတွက် မြေ ၄၂၈၉ ဒသမ၃၂ ဧက ကို လျာထားကြောင်းသိ၇သည်။

ယမန်နေ့ကတွေ့ဆုံမှုကို ကျောက်ဖြူမြို့၊ ရမ္မာ၀တီခန်းမတွင်ပြုလုပ်ခဲ့ပြီ SEZ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်လုပ်ငန်းအခြေအနေအသေးစိတ်အား စစ်ခေါင်းဆောင်အားတင်ပြခဲ့ပြီးစစ်ခေါင်းဆောင်ဘက်မှလည်း အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည်များကိုမေးမြန်းခဲ့ကြောင်း သိ၇သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်တို့ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင်တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း (China International TrustInvestment Corporation-CITIC) ဦးဆောင်သည့်ကုမ္ပဏီအစုအဖွဲ့က တင်ဒါအောင်မြင်ခဲ့သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်CITIC ကုမ္ပဏီကဆောက်လုပ်မှာဖြစ်ပြီး ရေနက်ဆိပ်ကမ်း ဧရိယာဟာ မဒေးကျွန်းမှာမီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင်မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်း တည်ဆောက်မည်ဟုသိ၇သည်။

အဆိုပါကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ပေ ၁၀၀၀ အထက် Mother Vessels, Carriers,Super Tankers စသည့်ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့်ရေနက်ဆိပ်ကမ်း အမျိုးအစားဖြစ်ပြီ အဆိုပါရေနက်ဆိပ်ကမ်းမှကျောက်ဖြူ၇ှိသော သဘာ၀ဓာတ်ငွေ့နှင့် ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှထွက်ရှိသည့် ရေနံနှင့် သဘာ၀ဓာတ်ငွေ့များအား တရုတ်နိုင်ငံ၊ကူမင်းမြို့သို့တင်ပို့သွားမည်ဟု သိ၇သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကြောင့် သံဇစ်မြစ်ကြောင်း တစ်လျှောက်တွင်ရှိသည့်သဘာ၀ဂေဟစနစ်များပျက်စီးပြီးဒေသခံရေလုပ်သားအများအပြား၏ရေလုပ်ကွက်များပျက်စီးသွားမည်ဖြစ်၍ စီမံကိန်းကိုဒေသခံများက  သဘောတူညီမှုမရှိကြောင်းလည်း ၇ခိုင့်သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးထွန်းကြည်က ပြောဆိုသည်။

"ဒီ ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့်  ဒေသခံတွေအနေနဲ့သူတို့ရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးသွားဖို့နဲ့မြေသိမ်းယာသိမ်းခံ၇မှာကို ကြောက်နေကြတယ်။ နောက်တစ်ခုက ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ ရေလုပ်ကွက်တွေအများကြီးပျက်စီးသွားနိုင်တယ်။အထူးသဖြင့် ဒေသခံတွေရဲ့ သဘောအ၇ဒီစီမံကိန်း သဘောမကျကြဘူး" ဟု ပြောသည်။

တစ်ဖက်တွင်လည်းစစ်ခေါင်းဆောင်ဥက္ကဋ္ဌ၏ရခိုင်ခရီးစဉ်သည် ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်တပ်ထားသော်လည်း တစ်ခြားတဖက်တွက် စီးပွားရေးလုပ်ငန်းရှင်များအား မက်လုံးပေးပြီး၄င်း၏အာဏာ ပိုမိုတည်မြဲရှင်သန်ရေးနှင့် ULA/ AA ကိုရခိုင်စီးပွားရေးလုပ်ငန်းရှင်များ ထောက်ခံမှု မပြုလုပ်အောင်ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဝါရင့်ရခိုင့်နိုင်ငံရေးသမားမြေပုံလွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ဝေဖန်ပြောဆိုသည်။

ရခိုင်ပြည်နယ်အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေလိုပါကနိုင်ငံရေးစစ်ရေးပြဿနာကို ပြေလည်အောင် အရင်ဖြေရှင်းသင့်ပြီး ရခိုင်ပြည်သူများ၏ဆုံးရှုံးနေသည့် အခြေခံအခွင့်အရေးများကို ပြန်ပေး၇မည် ဖြစ်ကြောင်းလည်း သူက ထောက်ပြပြောဆိုသည်

သူသည် ဖေဖော်ဝါရီလ ၂၆ ရက်က စစ်တွေမြို့သို့ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိဦးဥတ္တမခန်းမ၌ ပြည်နယ်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ရခိုင်စီးပွားရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့သော်လည်း၇ခိုင်ကို ယခင် လာခဲ့ကြသည့် စစ်ခေါင်းဆောင်များကဲ့သို့ အပြောကြီးပြီးအလုပ်မဖြစ်သည်ကများသဖြင့် “  သူ၏ခရီးစဉ် အပေါ်တွင်လည်း မျှော်လင့်ချက်ကြီးကြီးထား၍ မ၇ကြောင်း ၎င်းက ပြောသည်။။ (NN-23)

 

ဓာတ်ပုံ- စစ်ကောင်စီဥက္ကဋ္ဌအား ယမန်နေ့က ကျောက်ဖြူမြို့တွင်တွေ့၇စဉ်။
Photo - ၇ခိုင်နေ့စဉ်

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.