သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မလေးရှားထောင်မှ လွတ်ရက်စေ့နေသူ ရခိုင်အလုပ်သမား ၄ ဦး အိမ်ပြန်ရန် မိသားစုနှင့် အဆက်အသွယ်ရလို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

နိရဉ္စရာ၊ မတ် ၂/၂၀၂၃

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချခံထားရသည့် ရခိုင်အမျိုးသားလေးဦးမှာ ယင်းနိုင်ငံရှိ ကာဂျင်းအကျဉ်းထောင်တွင် လွတ်ရက်စေ့တော့မည်ဖြစ်၍ အိမ်ပြန်နိုင်ရန် မိသားစုနှင့် အဆက်အသွယ်ရလိုကြောင်း နိရဉ္စရာသတင်းဌာနသို ပြောသည်။

ထိုသို့ လွတ်ရက်စေ့၍ ပြန်လွတ်မြောက်လာမည့်သူများမှာ စစ်တွေမြို့နယ် သာယာကုန်းကျေးရွာမှ ကိုသန်းအောင်(ဘ)ဦးရွှေဦး၊ တောက်တက်ကျေးရွာမှ ကိုကျော်တင်စိုး(ဘ)ဦးကျော်မောင်၊ ပုဏ္ဏားကျွန်းမြို့နယ် စပါးဆိပ်ကျေးရွာမှ ကိုမောင်ဝဏ(ဘ)ဦးထွန်းလှနှင့် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ကိုမဲသီးအောင်(ဘ)ဦးမောင်ဦးကျော်တို့ဖြစ်သည်။

သူတို့သည် ယခု မတ်လဒုတိယပတ်ထဲတွင် အကျဉ်းထောင်မှလွတ်ရက်စေ့မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် မိသားစုနှင့်အဆက်သွယ်ရလိုနေကြောင်း မလေးရှားရောက် ရခိုင်အလုပ်သမားအရေး ကူညီပေးနေသည့် ကိုခိုင်နီမင်းက ပြောသည်။

"လက်ရှိမှာ သူတို့က လွတ်ရက်စေ့တော့မယ်။ ဘယ်နေ့လွတ်မလဲဆိုတာ အတိအကျမသိရပေမယ့် ကျနော်တို့ ထောင်ပိုင်ဆီစုံစမ်းကြည့်တော့ ရှေ့အပတ်ထဲမှာ လွတ်မယ်လို့ သိရပါတယ်။ အဲဒါ သူတို့တွေမြန်မာနိုင်ငံကို ပြန်လာဖို့ မိသားစုနဲ့အဆက်အသွယ်ရဖို့ လိုနေပါတယ်" ဟု ပြောသည်။

၄င်းတို့မှာ မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့သွားရောက်အလုပ်လုပ်ကိုင်ရာမှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ဖမ်းဆီးထောင်ချခံခဲ့ရခြင်းဖြစ်ပြီး ထောင်ဒဏ် ၃ လမှ ၆ လအထိချမှတ်ခံထားရသူများဖြစ်ကြောင်း ဆက်ပြောသည်။

"သူတို့ကို သူတို့နေတဲ့အဆောင်မှာ လဝကနဲ့ ရဲတွေဆီမှာ ဖမ်းဆီးခံရတာလို့ပြောတယ်။ ထောင်ထဲမှာလည်း အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ တချို့က ကျန်းမာရေးမကောင်းချင်ဘူး။ မျက်နှာတွေ ဖောနေတဲ့လူလည်း ရှိတယ်။ မိသားစုက ဆက်သွယ်ပေးဖို့ပြောချင်ပါတယ်" ဟု ဆက်ပြောသည်။

အလားတူ မလေးရှားသို့တရားမဝင်ဝင်ရောက်သည်ဟုဆိုကာ ယင်းနိုင်ငံရှိအကျဉ်းထောင်များတွင် ထောင်ဒဏ်ကျခံနေရသူ ရခိုင်အလုပ်သမားအမြောက်အများရှိနေပြီး မလေးရောက်လူငယ်များနှင့် ဖွဲ့စည်းထားသည့် မလေးရှားရောက် ရခိုင်ဒုက္ခသည်များကူညီရေးအဖွဲ့က အတတ်နိုင်ဆုံးကူညီမှုများ လုပ်ဆောင်နေကြောင်း သူက ပြောသည်။

ရခိုင်ပြည်သည် သဘာဝသယံဇာတအရင်းအမြစ်များကြွယ်ဝသော်လည်း အစိုးရအဆက်ဆက်က အဆိုပါသယံဇာတအရင်းအမြစ်များကိုသုံးစွဲပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိရန် မဖန်တီးခဲ့သည့်အတွက် ရခိုင်လူမျိုးများမှာ နှစ်စဉ် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေရခြင်းဖြစ်သည်။

ယင်းသို့ သွားရောက်ရာတွင်လည်း အထောက်အထားမဲ့သွားရောက်သည်ဟုဆိုကာ နှစ်စဉ်ပြည်ပနိုင်ငံများတွင် ဖမ်းဆီးခံရသူအမြောက်အများရှိနေကြောင်း သူတို့အရေး ကူညီပေးနေသူများက ပြောသည်။ (NN-23)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!