Preview

အာရှတိုက်၏ဒုတိယအကြီးဆုံးဒီရေတောဖြစ်သည့် ဝန်ဖိုက်ဒီရေတောတွင် စစ်ကောင်စီက ဧက ၁၀၀စိုက်ပျိုးရန်ပြင်ဆင်နေ

မတ် ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :6152
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၂/၂၀၂၃

သစ်ပြုန်းတီးမှုများရှိနေသည့်ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ အာရှတိုက်၏ဒုတိယအကြီးဆုံးဖြစ်သောဝန်ဖိုက် ဒီရေတောတွင် စစ်ကောင်စီက ဒီရေတော ဧက ၁၀၀ စိုက်ပျိုးရန်ပြင်ဆင်နေကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံ၌ သဘာ၀ဘေးအန္တရာယ်များကိုကာကွယ်ရန်အတွက်ဟုဆိုကာ လာမည့် ဇွန်လမှစတင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ဧရာ၀တီတိုင်းဒေသကြီးနှင့် ၇ခိုင်ပြည်နယ်တို့တွင် စုစုပေါင်း ဒီရေတောဧက၂၅၅၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး ယင်းအနက် ရခိုင်ရှိ ဝန်ဖိုက်ဒီရေတောတွင်ဧက ၁၀၀ စိုက်ပျိုးသွားမည်ဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ယင်းသို့စိုက်ပျိုးရာတွင် တစ်ဧကလျှင်ဒီရေပင် ၁၂၁၀ အထိ စိုက်ပျိုးသွားမည်ဖြစ်ပြီး ဒီရေတော သစ်မျိုးများဖြစ်သည့်ဖြူးခြေထောက်အဖို၊ ဖြူးခြေထောက်အမ၊ ဖြူအုပ်ဆောင်း၊ သမဲ့ကြီး၊ဖြူးရွှေဝါ၊ ကနစိုး၊ လမု၊ လမဲ့၊ သေရာ၊ ပင်လယ်အုန်းနှင့် အိတ်မသွယ် စသည့်သစ်မျိုးများကို စိုက်မည်ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ်နှင့်၊၂၀၂၁ ခုနှစ်တို့တွင် ဝန်ဖိုက်ဒီရေတောမှ သစ်ခိုးထုတ်မှုအများဆုံးရှိခဲ့ပြီးအရွယ်ရောက် အပင်ကြီးများ အားလုံးနီးပါးအခုတ်ခံခဲ့၇ကြောင်းသဘာ၀ပတ်ဝန်းကျင်ထိန်းသိန်းရေး လှုပ်ရှားနေသူများကပြောသည်။

လက်ရှိမှာ ယခင်လောက်သစ်ခိုးထုတ်မှုများများစားစားမရှိတော့သော်လည်း အရပ်သားပြည်သူများတစ်ပိုင်တစ်နိုင် သစ်ခုတ်မှုများကို ပိတ်ပင်တားဆီးရန်ခက်ခဲကြောင်းဝန်ဖိုက်ပြားတော ထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောသည်။

"ဒေသထဲကလူတွေလိုက်ပြီးလှုပ်ရှားနေကြတာတော့ ရှိတယ်။ ခုတ်တာကတော့ခုတ်နေကြတာပဲ။ တိုင်းပြည်ကလည်း မကောင်း၊ အလုပ်အကိုင်ကရှား၊လူတွေကလည်း ဆင်းရဲမွဲတေမှုကလည်း မြင့်တက်လာတော့ ဟိုလည်း လိုက်ပိတ်၊ ဒီလည်းလိုက်ပိတ်ရင် ထမင်းငတ်ကြတော့မယ်။ လုပ်၇တာကလည်း တော်တော်အခက်အခဲပါပဲဟု ပြောသည်။

ရေလုပ်ငန်းကိုအဓိကလုပ်ကိုင်သည့် ရခိုင်ပြည်အတွက် ဒီရေတောများကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးသည်ဟု သူက ဆက်ပြောသည်။

ဒီရေတောတွေပြုန်းလာခြင်းအားဖြင့် ရေနေသတ္တဝါတွေ မျိုးစိတ်တွေအများကြီးပြုန်းလာတယ်။ ဒီတော့သားငါးတွေဟာ ဈေးနှုန်းတွေမြင့်လာတယ်။ ဒီရေတောတွေကို မထိန်းခြင်းအားဖြင့်တော့ဆိုးကျိုးတွေ အများကြီး ရှိတယ်။ လတ်တလော ရခိုင်ပြည်နယ်ရဲ့အခြေနေအ၇ တခြား အလုပ်အကိုင်အခွင့်အလမ်း တစ်ခုလည်းမရှိတဲ့ အခါမှာတော့အသုံးချနေကြ၇တယ်ပေါ့။ အဲ့ဒီအခြေအနေကို ကျော်လွန်ပြီး တခြားအလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးပြီး ပြားတော (ဒီရေတော) တွေထိန်းသိမ်းသွားဖို့ကတော့ဗျူဟာတွေသတ်မှတ်ပြီး လုပ်ဆောင်ဖို့လိုတယ်လို့ မြင်တယ်ဟု ပြောသည်။

ဝန်ဖိုက်ဒီရေတောသည်ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင်ရှိပြီး အာရှတိုက်တွင် ဒုတိယအကြီးဆုံး ဒီရေတော ဖြစ်သည်။

ဧရိယာအားဖြင့် ဧက (၅၆,၆၃၃)ဧကကျယ်ဝန်းပြီး၁၉၃၀ ပြည့်နှစ်က ကြိုးဝိုင်းအဖြစ် သတ်မှတ်ခံထားရသည့်ဒီရေတောလည်းဖြစ်သည်။

 

ဝန်ဖိုက်ဒီရေတောမှဒီရေပင်များအားခိုးထုတ်ယူမှုမရှိစေရေးအတွက်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ခုကိုဒေသခံများက ပြီးခဲ့သည့်နှစ်တွင် ဖွဲ့စည်းခဲ့ကြသည်။

 

လက်ရှိတွင် အဆိုပါအဖွဲ့တွင်ငွေကြေးအခက်အခဲကြောင့် ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည် မလုပ်ဆောင်နိုင်ဘဲ ရပ်နားထားရကြောင်းဝန်ဖိုက်ဒီရေတောကာကွယ်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းနိုင်က ပြောသည်။

"စက်လှေဖိုး၊ ဆီဖိုးပိုက်ဆံတွေတအားကုန်ပါတယ်။ တာဝန်ခံတွေနဲ့ ပေါင်းစည်းပြီး ဒေသကလောလောဆယ် ထိန်းထားတယ်။ သူတို့လည်း ရေရှည်မှာတော့မလိုက်နိုင်ဘူး။ ငွေကြေးပိုင်းဆိုင်ရာတွေက အဆင်မပြေနိုင်ဘူး" ဟု ပြောသည်။

လက်ရှိမှာ ရမ်းဗြဲမြို့နယ်အတွင်းမှULA နယ်မြေတာဝန်ခံများနှင့်ဖက်ကြပ်၊ ချောင်းနယ်၊ လက်ပံ၊ မရွတ်ချိန်၊ ရမ်းသစ်ချေ၊ရမ်းသစ်ကြီး၊ အ၀တောင် စသည့် ကျေးရွာများမှ ဒေသခံများစုပေါင်းကာတစ်နိုင်တစ်ပိုင် ကာကွယ်ထိန်းသိမ်းရေး လုပ်ဆောင်နေကြောင်း သိ၇သည်။ (NN-7)

(ဓာတ်ပုံ-ကိုမျိုးလွင်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.