Preview

မာန်အောင်တွင် ဆိုလာစက်ချွတ်ယွင်းမှုထပ်မံဖြစ်နေ၍ ဒေသခံများ လျှပ်စစ်သုံးစွဲမှု အခက်ကြုံနေရ

မတ် ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :851
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် /၂၀၂၃

ရခိုင်ပြည်နယ်၊မာန်အောင်မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာအချို့ကိုလျှပ်စစ်မီး ဖြန့်ဖြူးပေးသည့် နေရောင်ခြည်သုံးစွမ်းအင်သုံးဆိုလာအထိုင်စက်မှာ ချွတ်ယွင်းမှုကြောင့် ရပ်ဆိုင်းထားရ၍ဒေသခံများမှာ လျှပ်စစ်မီးသုံးစွဲမှုအခက်အခဲကြုံနေကြ၇သည်ဟု ပြောကြသည်။

ယင်းသို့စက်ချွတ်ယွင်းမှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလခန့်မှစတင်ကာဆိုလာလျှပ်စစ်ဖြန့်ဖြူးမှုကိုရပ်နားထား၇ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။


လက်ရှိတွင်မြို့နယ်လျှပ်စစ်ရုံးက 500 KV မီးစက်ဖြင့်လျှပ်စစ်မီးပေးဝေထားသော်လည်း တစ်နေ့တွင် ၆ နာရီသာရရှိသဖြင့်လျှပ်စစ်မီးသုံးစွဲမှုအခက်အခဲရှိနေကြောင်း မာန်အောင်မြို့ခံ ကိုကျော်မျိုးနိုင်က ပြောသည်။

"ဆိုလာကအထိုင်စနစ်ချွတ်ယွင်းလို့ဆိုပြီး မီးမ၇တာ ၆ လလောက်ရှိပါပြီ။မြို့နယ်လျှပ်စစ်ရုံးကိုမေးကြည့်တော့ စက်ပစ္စည်းတွေကကိုရီးယားကမှာ၇မှာဆိုတော့ သူတို့လည်း မနိုင်ဘူးဖြစ်နေတယ်လို့ ပြောတာရှိပါတယ်။သူတို့က နိုင်ငံတော်အဆင့်ကို တင်ပြထားတယ်လို့ပြောပါတယ်" ဟုပြောသည်။

ထိုသို့ဆိုလာစနစ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုရပ်ဆိုင်းပြီးနောက် မြို့နယ်လျှပ်စစ်ရုံးက500 KV မီးစက်ဖြင့်ရပ်ကွက် အလိုက် နံနက် ၅ နာရီမှ ၇ နာရီအထိတစ်ကြိမ်၊ ည ၆ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၆ နာရီ ဖြန့်ဖြူးပေးနေသော်လည်းလျှပ်စစ်သုံးစွဲမှု လုံလောက်မှုမရှိ၍ အခက်အခဲကြုံနေ၇ကြောင်း သူက ဆက်ပြောသည်။

"လုံလောက်မှုမရှိတော့အသေးစားစက်မှုလုပ်ငန်းတွေကအစ မလုပ်နိုင်တော့တာတွေရှိပါတယ်" ဟု ပြောသည်။

လက်ရှိမီးစက်ဖြင့်ဖြန့်ဖြူးပေးနေရာတွင်လည်း နံနက်အစောနှင့်ညဘက်တို့တွင်သာ နာရီပိုင်းမျှ လျှပ်စစ်မီးရရှိနေ၍ အခက်အခဲဖြစ်၇ကြောင်းမာန်အောင်မြို့ပေါ်မှ ၀ရိန်လုပ်ငန်းလုပ်ကိုင်သူ ကိုညီလေးက ပြောသည်။

 

"ကျနော်တို့က မီတာဆောင်တဲ့အခါ လုပ်ငန်းသုံးဆိုပြီးတော့ဆောင်၇ပါတယ်။ တစ်ယူနစ်ကို ၁၂၅ ကျပ်ဆောင်၇ပါတယ်။ ဆိုတော့သူတို့လျှပ်စစ်မီး ကျနော်တို့ဆီကိုရောက်တဲ့အချိန်က မနက် ၅ နာရီလာပြီး ရနာရီပြတ်တယ်။ ညဖက် ၆ နာရီက ၁၀ နာရီထိလာတယ်။ အလုပ်လုပ်၇မယ့် အချိန်မီးကမလာဘဲ လုပ်ငန်းသုံးအဖြစ်မီတာဆောင်နေ၇တဲ့ အပိုင်းတွေရှိတယ်" ဟု ပြောသည်။

မာန်အောင်မြို့ခံများအနေဖြင့်လည်းဆိုလာစနစ်နှင့် လျှပ်စစ်ဓာတ်အားပေးမှု ပြန်လည်ပတ်နိုင်ရေး အတွက် ဇန်နဝါရီလအတွင်းကစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံစာတင်တောင်းဆိုခဲ့သော်လည်း တစ်စုံတရာဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းမြို့ခံများက ပြောသည်။

အဆိုပါဆိုလာစနစ်လျှပ်စစ်ဖြန့်ဖြူးရေးစီမံကိန်းကို ၂၀၁၉ ခုနှစ် NLDအရပ်သားအစိုး၇ လက်ထက်တွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယင်းနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားကိုလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ၂၀ ရက်မှစတင်ပြီး မာန်အောင်မြို့ပေါ်ရပ်ကွက်များအပါအဝင်ခအုံးမော်ကျေးရွာနှင့်ကောင်းတန်းကျေးရွာတို့အား ယင်းဆိုလာစက်ရုံမှတဆင့် ၂၄ နာရီ လျှပ်စစ်မီးဖြန့်ဖြူးပေးခဲ့သော်လည်း ၇ လအကြာတွင် စက်ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့၍လျှပ်စစ်မီးဖြန့်ဖြူးပေးမှု ရပ်တန့်ခဲ့သေးသည်။

ပြန်လည်ပြုပြင်ပြီးနောက် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးကို ပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ထပ်မံ စက်ချွတ်ယွင်းကာ လက်ရှိတွင် လျှပ်စစ်မီးပေးနိုင်ခြင်းမရှိတော့ဟုမြို့ခံများက ပြောသည်။

မာန်အောင်မြို့နှင့် ၁၀မိုင်ပတ်လည် ကျေးရွာများတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ကြိုးများ သွယ်တန်းပြီးထရန်စဖော်မာများတပ်ဆင်ထားပြီးသော်လည်း မဟာဓာတ်အားလိုင်းမှလျှပ်စစ်မီးဖြန့်ဝေပေးမှုမရှိသေးကြောင်း မြို့ခံများက ပြောသည်။ (NN-23)

 

ဓာတ်ပုံ- မာန်အောင်ရှိ ဆိုလာစက်ရုံတစ်နေရာအားတွေ့၇စဉ်။

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.