ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် ပိုးသတ်ဆေးများအသုံးပြုပြီး ငါးရှာ၊ ပုစွန်ရှာနေကြသဖြင့် ငါး၊ ပုစွန်သယံဇာတရှားပါးလာနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ မတ် ၄/၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးချောင်း ချောင်းကြောတစ်လျှောက်တွင် ပိုးသတ်များကို အသုံးပြုကာ ငါး၊ ပုစွန်ရှာနေကြသဖြင့် ငါး၊ ပုဇွန်သယံဇာတများ ရှားပါးလာနေသည်ဟု ဒေသခံများက ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုသော မာလာမြိုင်ပိုးသတ်ဆေးကိုသုံးကာ တရားမဝင် နည်းလမ်းဖြင့် ငါး၊ ပုစွန််ရှာနေကြသဖြင့် ငါး၊ ပုဇွန်ပေါက်ဖွားနှုန်းမှာ နည်းပါးလာနေပြီး ငါး၊ ပုစွန်ရှားပါးလာနေကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

"ပုစွန်တုတ်တွေ၊ ငါးတွေကို ပိုးသတ်ဆေးသုံးပြီးသတ်ကြတယ်။ ဒီမှာတော့ မာလာမြိုင်ဆေးကို ပိုအသုံးများကြတယ်။ အဲဒါတွေကြောင့် ပုစွန်တွေဟာ ပြုန်းတီးသွားကြပါပြီ။ ငါးပေါက်ဖွားမှုလည်း မရှိတော့ဘူး။ အရမ်းရှားပါးနေကြပါပြီ။ ငါးရှာနေတဲ့သူတွေက လောဘကြီးတဲ့ဆန္ဒတွေ၊ အသိတရား နှောင့်နှေးတဲ့ဆန္ဒတွေနဲ့လုပ်ကြတယ်။ အခုဒီလိုငါးရှာနေကြတဲ့သူတွေ အရမ်းများပြားလာပါတယ်။ ဆေးဖြန်းပြီးရှာရင် ပုစွန်ဖြူတွေကအစ ပုစွန်တုတ်တွေပါ အဆိပ်မိပြီး ကမ်းနားကိုကပ်လာကြပါတယ်။ အဲဒီအခါလိုက်ဖမ်းကြတာပါ။ သားပေါက်တွေလည်း အကုန်သေသွားရပါတယ်" ဟုပြောသည်။

အဆိုပါ ပိုးသတ်ဆေးကိုအသုံးပြုကာ ငါး၊ ပုစွန်ရှာကြသူတို့သည် ချောင်းဒီရေကျချိန် ညဥ့်အခါမှ လှုပ်ရှားကြခြင်းဖြစ်ပြီး အဆိပ်မိထားသည့် ငါး၊ ပုစွန်တို့ကို ဒေသခံများဝယ်ယူစားသုံးမိပါကလည်း တစ်စုံတစ်ရာအန္တရာယ်ဖြစ်လာနိုင်သည်ဟု ယင်းဒေသခံက ဆက်ပြောသည်။

ယင်းပိုးသတ်ဆေးကို အသုံးပြု၍ရှာဖွေထားသော ငါး၊ ပုစွန်တို့ကို ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ဈေးနှင့် အနီးအနားကျေးရွာများရှိ ဈေးများတွင် လာရောက်ရောင်းချခြင်းများလည်းရှိသည်ဟု ယိုးတရုပ်ဈေးတွင် ငါးရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

"အဲဒီလိုဖမ်းလာတဲ့ငါးတွေက ရိုးရိုးပိုက်ချပြီး ဖမ်းလာတဲ့ ငါးတွေနဲ့အရောင်အဆင်းလည်းမတူဘူး အရောင်ကနေ ဖြူဖတ်နေပါတယ်။ ငါးရှားတဲ့အချိန်တွေဆိုရင် အဲဒီလို ငါးတွေ၊ ပုစွန်တွေတက်ပါတယ်။ အရင်ကတော့မသိဘူး။ ကျမတို့ဝယ်လိုက်တဲ့ ပုစွန်တုတ်တွေကို ဒိုင်ကြီးတွေကို သွားသွင်းတော့ သူတို့ကလက်မခံဘူး။ ရေခဲသွင်းလို အဆင်မပြေဘူး။ ဆေးနဲ့လုပ်ထားတာမို့လို့ အဲလိုပြောကြတယ်။ အဲဒါကြောင့်လည်း ကျမတို့က သိလာရတယ်။ ဒီလိုမျိုးက ယိုးတရုပ်ရွာလို့မဟုတ်ဘူး။ အခြားရွာတွေကလည်း လာရောင်းကြတာရှိတော့ အခြားဈေးတွေမှာလည်း ဒီလိုမျိုးရ ောင်းချနေကြတာရှိမှာပါ" ဟုပြောသည်။

ထိုကဲ့သို့ ပိုးသတ်ဆေး အဆိပ်မိထားသော ငါး၊ ပုစွန်တို့ကို မသိဘဲဝယ်ယူစားသောက်နေကြသော ဒေသခံများအတွက် အန္တရာယ်လည်းဖြစ်လာနိုင်သလို သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကိုသိလို၍ ရခိုင်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပါ။

ယခုကဲ့သို့ ပိုးသတ်ဆေးအသုံးပြုပြီး ငါး၊ ပုစွန်ရှာကြသူများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တာဝန်ရှိသူများက ထိန်းသိမ်းတားဆီးမှုများရှိခဲ့သဖြင့် ငါးဖမ်းသူများ လိုက်နာခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

 

လက်ရှိတွင် ULA ကလည်း စီမံခန့်ခွဲအရေးယူမှုလျော့နည်းလာသဖြင့် ငါးရှာသူများသည် ပိုးသတ်ဆေးများသုံးကာ တဖန်ပြန်လည် ဖမ်းယူလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ (NN-8)

ဆက်စပ် သတင်းများ