တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်ဝေသာလီခေတ် ဓမ္မဇေယျအမတ်ကြီးရေးသားခဲ့သော ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ) စာအုပ်မိတ်ဆက်ပွဲ စစ်တွေတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ မတ် ၄/ ၂၀၂၃

ရခိုင်ဝေသာလီခေတ်တွင် ဓမ္မဇေယျအမတ်ကြီးရေးသားခဲ့သော ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ) စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ နေ့လယ်က ကျင်းပခဲ့သည်။

ယင်းစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၄ ရက်၊ နေ့လယ် ၁ နာရီက စစ်တွေမြို့၊ ရွှေရိုးရာစားသောက်ဆိုင်အတွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရခိုင်စာရေးဆရာများနှင့် စာပေအသိုင်းအဝိုင်းမှ စုစုပေါင်းလူဦးရေ ၄၀ ကျော်တက်ရောက်အားပေးခဲ့ကြသည်။

အဆိုပါစာအုပ်ကို ရခိုင်စာရေးဆရာ ဆရာတော်အသျှင်ဣန္ဒဝံသ(ကိန်းသာ)က စီစဉ်ပြီး ကိုယ်တော်ရက္ခဘေရီက စိစစ်တည်းဖြတ်ကာ ရခိုင်စာအုပ် ၁၂၀ လုပ်ငန်းက ထုတ်ဝေလိုက်ခြင်းလည်းဖြစ်သည်။

ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ)သည် ရခိုင်ဝေသာလီခေတ် စူဠစိုင်းဒြားမင်းကြီးလက်ထက်က ဓမ္မဇေယျအမတ်ကြီး ရေးသားခဲ့ခြင်းဖြစ်သည်ဟု စာအုပ်ထုတ်ဝေသူများက ပြောသည်။

ယင်းစာအုပ်ကို ၁၉၈၈ ခုနှစ်တွင် စစ်တွေမြို့မှ စာဟောင်းရှာဖွေရေး ခရီးထွက်ခဲ့သော ဆရာတော် ရမ္မာဝတီပညာစာရ(စစ်တွေ)က ဘင်္ဂလားဒေ့ရှ်နိုင်ငံ လံထောင်နယ်၊ ဂွိန်းမရာ ပလက်နား (ချောင်းဝ)ကျောင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။

ဘာသာဗေဒကို လေ့လာလိုသူများအတွက် စိုင်းဒြားဖွေ့လက်ရေးလက်သားကို လေ့လာနိုင်ရန်၊ စုလက်စိုင်းဒြားမင်းနှင့်ဆက်စပ်သည့် လက်ရေးလက်သားအကြောင်းအရာသက်သက်နှင့် ဘာသာဗေဒသက်သက်အကြောင်းအရာနှစ်ခုကို စိုင်းဒြားဖွေ့(ပုရပိုက်မှု)စာအုပ်တွင် လေ့လာနိုင်ရန် ယခုကဲ့သို့ ထုတ်ဝေရခြင်းဖြစ်သည်ဟု ဆရာတော်အသျှင်ဣန္ဒဝံသ(ကိန်းသာ)က မိန့်သည်။

"ဒီ စိုင်းဒြားဖွေ့(ပုရပိုက်မှု)ရဲ့ လက်ရေးလက်သားမှာ ဝေသာလီနှောင်းခတ် လက်ရေးလက်သားအပြင် တစ်မှုကွဲပြားတယ်။ အဓိကစာအုပ်ပေဟောင်းတွေ အများကြီး လိုအပ်တယ်ထင်ပြီး ရခိုင်စိုင်းဒြားဖွဲ့(ပုရပိုက်မှု)စာအုပ်ကို ရခိုင်အမျိုးသားတစ်ရပ်အနေနဲ့ ယဉ်ကျေးမှုစာပေ ကဏ္ဍကိုစတင်ဖွင့်လှစ် ထုတ်ဝေရခြင်းတယ်" ဟု မိန့်ကြားသည်။

စိုင်းဒြားဖွဲ့မှာ မူကွဲပေါင်းများစွာရှိပြီး ထိုမူကွဲပေါင်းများစွာထဲမှ ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ)အဖြစ် ဤသို့ထုတ်ဝေလိုက်ခြင်းမှာ အကျိုးရှိလှကာ ရခိုင်ဝေါဟာရများကို ဖွင့်ပြထား၍ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအတွက် အလွန်တန်ဖိုးရှိလှသည့်စာအုပ်တစ်အုပ်ဖြစ်သည်ဟုလည်း အခမ်းအနားတက်ရောက်ခဲ့ကြသည့် ရခိုင်စာရေးဆရာများက ဝေဖန်သုံးသပ်ပြောဆိုကြသည်။

 
လက်ရှိတွင် တစ်အုပ်လျှင် ကျပ် ၄ ထောင်နှုန်းဖြင့် ရခိုင်ပြည်တစ်ဝန်း ဖြန့်ချိနေပြီဖြစ်သည်။ (NN-12)

ဆက်စပ် သတင်းများ