စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြောက်ဦး ကိုးသောင်းပုထိုးတော်ကြီး ဗုဒ္ဓပူဇနိယပွဲ ပထမဆုံးအကြိမ် ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 6.7k

နိရဥ္စရာ၊ မတ် ၅/ ၂၀၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလတွင် ပထမဆုံးအကြိမ်အဖြစ် ၃ ရက်တိုင်တိုင်ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါပွဲတော်ကို ကိုးသောင်းပုထိုးတော်ကြီး၏ အရှေ့ဘက်နှင့် တောင်ဘက်တို့တွင် မတ်လ ၁၈ ရက်မှ ၂ဝ ရက်အထိ ၃ ရက်ကြာကျင်းပသွားမည်ဟု ကိုးသောင်းပုထိုးတော်ကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ညွန့်က နိရဥ္စရာကို ပြောသည်။

ပထမဆုံးအကြိမ်မြောက် ကိုးသောင်းဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကိုကျင်းပလိုက်ခြင်းအားဖြင့် ကိုးသောင်းဘုရားလည်း ရောင်တော်ပွင့်ပြီးတော့ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး၊ နယ်သူနယ်သားတွေပါ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ နေနိုင်ဖို့ဟာကို ရည်ရွယ်ပြီးတော့ ဦးလေးတို့ အခုလို ကျင်းပရတာ ဖြစ်ပါတယ်ဟု ပြောသည်။

ပွဲစတင်ကျင်းပမည့် မတ်လ ၁၈ ရက်၊ နံနက် ၉ နာရီတွင် ကိုးသောင်းပုထိုးတော်ကြီး၏ ပရဝုဏ်အတွင်း စံပါယ်နေကြသည့်ဘုရားဆင်းတုတော်များကို အနေကဇာတင်ခြင်း၊ ပင့်ဖိတ်ထားသည့် သံဃာတော် ၉ ပါးက ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်း၊ ကြွရောက်လာသည့်ဧည့်ပရိသတ်များကို နံနက်စာကျွေးမွေးခြင်း စသည့်အစီအစဉ်များ ပါရှိမည်ဟု ဆိုသည်။

ပျော်ပွဲရွှင်ပွဲများအဖြစ် နေ့လယ်နေ့ခင်းတွင် ရခိုင်ရိုးရာကျင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီးများအတွက် လွန်ဆွဲပွဲတို့ကို ကျင်းပမည်ဖြစ်ပြီး ညပွဲတွင် အောင်ပွဲစံအမည်ရှိ ဇာတ်သဘင်ဖြင့် ၃ ညတိုင်တိုင် ဖြေဖျော်သွားမည်ဖြစ်သည်။

မြောက်ဦးမြို့ခံလူငယ်တစ်ဦးဖြစ်သူ မမျိုးအေးသွယ်က အခုလို ကျင်းပနိုင်တဲ့အပေါ် အများကြီး ဂုဏ်ယူမိပါတယ်။ ဘာလို့လဲဆိုရင် ကျမတို့မြောက်ဦးမှာက အခုက အဲလို ပွဲတွေလည်း၊ ဘုရားပွဲတွေဆိုတာက သျှစ်သောင်းပွဲ၊ အဲဒါတစ်ခုပဲ စည်စည်ကားကားနဲ့ ကျင်းပတာရှိတယ်လေ။ အခုလို ကိုးသောင်းပွဲလည်း ကျင်းပလာတယ်ဆိုရင်တော့ ပိုပြီး ပျော်ဖို့ ကောင်းမယ်။ ပြီးတော့ အခုက တိုင်းရေးပြည်ရေးအခြေအနေက မတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ ပွဲကျင်းပတယ်ဆိုရင်တော့ လူတွေလည်း စိတ်အပန်းပြေမှုအများကြီး ဖြစ်စေမယ်၊ ပျော်မယ်လို့ ထင်ပါတယ်ဟု နိရဥ္စရာကို ပြောသည်။

ကိုးသောင်းပုထိုးတော်ကြီးသည် မြောက်ဦးမြို့၊ ရွာဟောင်းတောကျေးရွာနယ်မြေတွင်တည်ရှိပြီး သက္ကရာဇ် ၉၁၅ ခုနှစ် (AD – 1553)တွင် ရခိုင်ဘုရင် မင်းတိက္ခာက တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါပုထိုးတော်ကြီးသည် နှစ်ကာလကြာမြင့်လာသည့်အခါ ခြုံနွယ်ပိတ်ပေါင်းထူထပ်ပြီး ပြိုပျက်စီးကာ တောင်ကုန်းသဖွယ်ဖြစ်နေ၍ ၁၉၉၆ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနက စတင်တူးဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင်လည်း ပုထိုးတော်ကြီးသည် နှစ်ကာလကြာမြင့်စွာ ထိန်းသိမ်းသူမဲ့ကာ နေခဲ့ရသည်ဟု လက်ရှိဂေါပကအဖွဲ့ဥက္ကဋ္ဌဦးမောင်ညွန့်က ပြောသည်။

၂ဝ၁၉ ခုနှစ်အရောက်တွင် မြောက်ဦးမြို့နယ်သံဃာ့ဝန်ဆောင်ဥက္ကဋ္ဌဆရာတော်ဖြစ်သည့် ရွှေထီးဆောင်းဆရာတော်က ဦးဆောင်ကာ ပုထိုးတော်ကြီးတည်ရှိရာ ရွာဟောင်းတော ကျေးရွာအုပ်စုအပါအဝင် မြို့ပေါ်ရှိ ရပ်ကွက် ၇ ခုမှ လူဦးရေ ၅ဝ ကျော်ဖြင့် ကိုးသောင်းပုထိုးတော်ကြီး၏ ဂေါပကအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဂေါပကအဖွဲ့ ဖွဲ့စည်းပြီးနောက် ၄ နှစ်အကြာတွင် ပုထိုးတော်ကြီး၏ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုကဲ့သို့ ပထမအကြိမ် ကျင်းပနိုင်ခြင်းဖြစ်သည်။ (NN-16)

 

ဆက်စပ် သတင်းများ