နိရဉ္စရာ၊မတ် ၇ /၂၀၂၃
ရှေးဟောင်းမြို့တော် တစ်ခုဖြစ်သည့်မြောက်ဦးမြို့ တွင် လက်ဆည်ကန်နှင့် အနူမကန်အထိ လှေ(လောင်း)ငယ်များဖြင့် ဝင်ထွက်သွားရောက်နိုင်သည့်သစ်ပုံချောင်းတွင် အမှိုက်သရိုက်များနှင့် မြေဖို့မှုများရှိနေ၍ ချောင်းတိမ်ကော ပျက်စီးလာနေ၍ သက်ဆိုင်ရာက တားမြစ်ပေးရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။
၎င်းချောင်းသည် ဗန္ဓုလရပ်ကွက်အုန်းတောရွာတွင် တည်ရှိပြီးသမိုင်းအ၇ အရေးပါသော ချောင်းတစ်ချောင်း ဖြစ်သဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းရန် လိုအပ်နေသည်ဟုဒေသခံ တစ်ဦးက ပြောဆိုသည်။
"လက်ဆည်ကန်နဲ့အနူမကန်ကို ဝင်တဲ့ချောင်းဖျားပေါ့။အခုဆိုရင် ဟိုအိမ်ကခြံတိုး၊ ဒီအိမ်ကခြံတိုးပြီး ဆောက်လာနေတာကြောင့်ချောင်းပျောက်လုနီးနီးဖြစ်နေပါပြီ။ ကျနော်တို့အငယ်တုန်းကဆိုရင်အနူမကန်အနီးက ဦးရွှေကျော်လှခြံအနီးထိ လှေနဲ့သွားလို့၇တယ်။ အခုတော့လုံး၀ဝင်လို့မရတော့ဘူး။ ဒီရေတက်ရင်တော့ နည်းနည်းတစ်ပိုင်းလောက်သွားလို့ရတယ်။အမှိုက်တွေကလည်း အများကြီးပဲ။ နောက်ပြီး ခြံတိုးတယ် ဒီလိုမျိုး။ ကျနော်ကတော့အဲဒီချောင်းကိုပြန်ဖော်သင့်တယ်လို့ထင်တယ်။ အဲဒါကသမိုင်းဝင်ချောင်းတစ်ခုလေ။အခုက မြောက်ဦးဘောလုံးကွင်းနားအထိလောက်ပဲ ချောင်းဖျားရောက်တယ်"ဟုပြောသည်။
အဆိုပါသစ်ပုံချောင်းတွင်အမှိုက်သရိုက်များနှင့်ပြည့်နှက်နေပြီး တဖြည်းဖြည်းတိမ်ကောလာနေသဖြင့်မိုးရာသီ မိုးကြီးသည့်အချိန်များတွင် ရေဆင်းမည့် နေရာမရှိ၍ ရေကြီးသည့်ပြဿနာကိုယင်းအနီးအနားရှိ ဒေသခံများအနေဖြင့် နှစ်စဉ် ကြုံတွေ့နေရကြောင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။
"အမှိုက်ဆိုးတွေပစ်ကြတယ်။ဘတ်ဟိုးတွေနဲ့ကျောက်တွေ၊ မြေတွေဖို့ပြီး ခြံကိုချဲ့ကြတယ်။ချောင်းက ပိတ်လုနီးပါးဖြစ်သွားပြီး မြောင်းသာသာပဲရှိတော့တယ်။ချောင်းကရေစီးဖို့လမ်းမရှိတော့ဘူး။ အခုကနွေရာသီမို့ ခံသာသေးတယ်။မိုးရာသီဆိုလို့ရှိရင် မိုးတစ်ကြိမ်နှစ်ကြိမ်ဆက်ရွာရင်မိုးရေနဲ့ ဒီရေနဲ့ရောပြီး ရေတက်လာတော့ အနီးကလူတွေက မြင့်တဲ့နေရာကိုသွားနေရတယ်။ဒီချောင်းကိုရေစီးရေလာကောင်းအောင် သင့်တော်တဲ့ အခြေအနေတစ်ခုအထိလုပ်ပေးစေချင်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို ချောင်းမှာပစ်တာမဟုတ်ဘဲစနစ်တကျပစ်စေချင်ပါတယ်။ ချောင်းလည်း ချဲ့ပေးစေချင်ပါတယ်" ဟုပြောသည်။
အဆိုပါချောင်းသည်မြောက်ဦးမြို့ ကုန်သည်လမ်းမှလာသည့် ချောင်းကြီးမှ ခွဲထွက်သွားသည့် ချောင်းငယ်ဖြစ်ကာဗန္ဓူလရပ်ကွက်နှင့် ကြက်လျှာကျွန်းကို ပိုင်းခြားထားသည့် ချောင်းဖြစ်ပြီး လက်ဆည်ကန်နှင့်အနူမကန်တို့၏ ချောင်းဖျားလည်းဖြစ်ကာ ယခင်က ယင်းချောင်းသည် ရေနက်ပြီးလှေများလည်းဝင်ထွက်သွားလာ၍ရကြောင်း မြောက်ဦးမြို့မှ ရှေးမီနောက်မီလူကြီး တစ်ဦးကပြောသည်။
“ ဒီချောင်းကတော့ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပေါ့နော် အနီးအနားမှာမို့။အခြားမြောက်ဦးမှာရှိတဲ့ ဒီလိုချောင်းတွေကိုလည်း ချောင်းမြေဖို့ပြီးခြံတိုးနေကြတာတွေရှိတယ်။ ဒါကိုလည်း သေချာ ပြန်လုပ်သင့်ပါတယ်။မြောက်ဦးမြိုကို ရှေးဘုရင်များခေတ်ကတည်းက ကချောင်းတွေကို ရေဝင်ရေထွက်စနစ်နဲ့လုပ်ထားတာလေ။ အခုကအိမ်မြေတွေကို ချောင်းကိုတိုးချဲ့ပြီး ဖို့နေတော့ ချောင်းတွေက ရေစီးရေလာမကောင်းတော့ဘူး။ ဒါတွေကို ရှေးသုကလည်း မတားမြစ်ဘူး။ သူတို့က အလကားပဲ။ အဆောက်အဦးဆောက်ရင် ပိုက်ဆံတောင်းဖို့၊တားဖို့လောက်ပဲ မြင်တယ်" ဟုပြောသည်။
မြောက်ဦးမြိုကို ရှေးဘုရင်များခေတ်ကတည်းက ကချောင်းများကို ရေဝင်ရေထွက်စနစ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သဖြင့် ချောင်းများပိတ်ဆို့သွားလျှင်နှစ်စဉ်ရေကြီးမှုကို မြောက်ဦးမြို့သူ မြို့သားများအနေဖြင့် ကြုံတွေ့၇နိုင်သည်ဟု ဆိုသည်။
"အဲဒီချောင်းကြောင်းအတိုင်းခြံတွေကို ပြန်ဆုတ်ပြီး တူးဖော်စေချင်ပါတယ် နိုင်ငံတော်အစီအစဉ်နဲ့။ချောင်းသမိုင်းအတိုင်းဆက်ရှိစေချင်ပါတယ်။ အယင်ကရှိခဲ့တဲ့မြို့ပြမြေပုံအတိုင်း ချောင်းကို ပြန်ဖော်စေချင်ပါတယ်။အခုကချောင်းလို့တစ်ခုနာမည်ပဲရှိတာ အမှိုက်တွေပုံနေပြီ။ အဲဒီနားက အိမ်တွေလည်း ချောင်းကိုမြေဖို့ရင်းနဲ့ခြံချဲ့ထားကြတယ်။ ဒီချောင်းကတော့ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပေါ့နော် အနီးအနားမှာမို့။အခြားမြောက်ဦးမှာရှိတဲ့ ဒီလိုချောင်းတွေကိုလည်း ချောင်းမြေဖို့ပြီးခြံတိုးနေကြတာတွေရှိတယ်။ ဒါကိုလည်း သေချာပြန်လုပ်သင့်ပါတယ်" ဟု ၎င်းရှေးမီနောက်မီလူကြီးက ဆက်လက် ပြောသည်။
မြောက်ဦးမြို့တွင် ရှေးယခင်ကပင်ရေစီးရေလာကောင်းမွန်စေရန်အတွက် ဖောက်လုပ်ထားသည့် မြောင်း၊ ချောင်းများမှာအမှိုက်သရိုက်များနှင့်ပိတ်ဆို့နေကာ ချောင်းမြေဖို့ကာခြံမြေချဲ့မှုများလည်းရှိနေသဖြင့် ရေစီးရေလာမရှိတော့ဘဲရေလမ်းကြောင်းပိတ်ဆို့မှုများ တွေ့ရှိရသည့်အတွက်ယူနက်စကိုဝင်နိုင်ရေးအခက်တွေ့နိုင်သည်ဟု ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီလက ရောက်ရှိခဲ့သည့် အီတလီနိုင်ငံမှ ရေအရင်းအမြစ်ကျွမ်းကျင်ပညာရှင်ပါမောက္ခ Massimo Sarti ကမြောက်ဦးမြို့သို့ ကွင်းဆင်းလေ့လာခဲ့စဉ်ပြောကြားခဲ့ကြောင်း သိ၇သည်။
(NN-8)