Preview

ရခိုင်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုလျော့နည်းပပျောက်ရေး ထိရောက်စွာလုပ်ဆောင်ရန်လိုအပ်နေဟုဆို

မတ် ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :4546
ရခိုင် သတင်း

(ယနေ့မတ် ၈ ရက်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည်)

နိရဥ္စရာ၊ မတ် / ၂၀၂၃

၇ခိုင်ပြည်နယ် နယ်ပယ်အသီးသီးတွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများ ရှိနေသေးသဖြင့်ပပျောက်အောင်ဆောင်ရွက်နိုင်ရန် အတွက် ထိရောက်သည့်အရေးယမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများကယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၌  ထုတ်ဖော် ပြောဆိုသည်။

ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက "တရားဥပဒေစိုးမိုးမှုအားနည်းတဲ့အပေါ်အများကြီးမူတည်ပါတယ်။ အကြမ်းဖက်မှုခံ၇တဲ့အမျိုးသမီးတွေအနေနဲ့တိုင်ကြားလာတယ်ဆိုရင်သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးတယူဆောင်ရွက်ပေးမှပဲ အကြမ်းဖက်ခံနေရတဲ့အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်ပေးနိုင်မယ်။ လက်ရှိအနေအထားမှာကျတော့ဘယ်လိုတိုင်ကြား၇မလဲဆိုတဲ့ အဆင့်မှာပဲ အခက်အခဲတွေရှိနေပါတယ်။ ဆိုတော့ကျူးလွန်သူတွေကို ဥပဒေကြောင်းအ၇ အရေးယူမှုမရှိသေးသရွေ့တော့အကြမ်းဖက်မှုကို ကျူးလွန်နိုင်တဲ့ အနေအထားရှိနေအုံးမယ်ပေါ့နော်"ဟု ပြောသည်။

၇ခိုင်ဒေသတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ခွဲခြားဆက်ဆံမှု၊ လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံရမှု၊လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုများနှင့်ပတ်သက်၍ ဥပဒေကြောင်းအ၇ အရေးယူနိုင်မှုအားနည်းနေသေးကြောင်း သူမက ပြောသည်။

စစ်ရေးပဋိပကနှင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့် ရခိုင်တွင်စစ်ဘေးရှောင်စခန်းများနှင့် ဒုက္ခသည်စခန်း(IDP Camp) များလည်းရှိရာ စခန်းတွင်းနေထိုင်သူအမျိုးသမီးများနှင့်အသက်မပြည့်သေးသည့် ကလေးသူငယ်များမှာ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်စော်ကားခံရမှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း ကာယကံရှင်များနှင့် သတင်းရင်းမြစ်များက နိရဉ္စရာသတင်းဌာနကို ပြောဆိုကြသည်။

စစ်တွေမြို့နယ် ဆေးသမားကြီးအုပ်စုရှိဖွဲရာကုန်းဒုက္ခသည်စခန်း(IDP Camp)မှ မူဆလင်အမျိုးသမီး၄၀ ကျော်သည်လည်း စခန်းတာဝန်ခံ၏ ခြိမ်းခြောက်အတင်းအဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရကြောင်း ကာယကံရှင်များက နိရဥ္စရာသို့ပြောသည်။

အဆိုပါ ဖွဲရာကုန်းIDP Camp မှစခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၂၂ခုနှစ် သြဂုတ်လ ၂ ရက်အထိ စခန်းအတွင်းမှ လင်ရှိ၊ သားသမီးရှိအမျိုးသမီးများ၊ စိတ်ရောဂါသည် အမျိုးသမီးများ၊အသက်မပြည့်သေးသည့် အမျိူးသမီးငယ်များ စသည့် အမျိုးသမီး (၄၅) ဦးကို တုတ်၊ ဓားပြ ခြိမ်းခြောက်မှုများပြုလုပ်ကာအတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင်များက နိရဥ္စရာသို့ပြောသည်။

အဆိုပါမူဆလင်အမျိုးသမီး ၄၀ကျော်အား အဓမ္မပြုကျင့်ပြီးလူသတ်ရန်ကြံစည်မှုတို့ဖြင့် စွပ်စွဲခံထားရသူကို ရဲက  ဖမ်းဆီးထားပြီး ကျူးလွန်သူအားထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် ကာယကံရှင်များကတောင်းဆိုထားသည်။

ရခိုင်တိုက်ပွဲကာလအတွင်းတွင်လည်းအမျိုးသမီးတချို့မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် စော်ကားမှုများကို ကျူးလွန်ခံခဲ့ရပြီးထိုသို့အကြမ်းဖက်ခံ၇မှုများတွင် တချို့အမျိုးသမီးများက တိုင်ကြားမှုများပြုလုပ်သော်လည်းနစ်နာသူအမျိုးသမီးအများစုမှာ အကြောင်းအမျိုးမျိုးကြောင့် မတိုင်ကြားရဲကြ၍ အမှုအတော်အများမှာပျောက်ကွယ်သွားတတ်ကြောင်းလည်း အမျိုးသမီးအရေး လှုပ်ရှားနေသည့်အဖွဲ့အစည်းများကပြောဆိုကြသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများပပျောက်ရေးအတွက် ရခိုင်တွင်ဗီနိုင်းကမ်ပိန်းများ၊ အသိပညာပေးဆွေးနွေးမှုစကားဝိုင်းများ နှစ်စဉ်ပြုလုပ်နေသော်လည်း လျော့နည်းလာခြင်းမရှိဘဲ ထပ်မံဖြစ်ပွားလျက်ရှိသည်ဟု ပြောဆိုကြသည်။

၂၀၂၂ ခုနှစ်အတွင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လာရောက်တိုင်တန်းမှု၊အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများမှာ နိုင်ငံရေးအခြေအနေအ၇ ယခင်နှစ်များထက် နည်းပါးသွားကြောင်း တရားလွှတ်တော်ရှေ့နေဒေါ်မြသူဇာက နိုဝင်ဘာလ ၂၅ ရက်က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့တွင်ပြောဆိုခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေးနှင့်၊ စီးပွားရေး အကျပ်အတည်းများကြားတွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်လာနေကြောင်း ပြောဆိုကြသည်။

ဒေါ်စောစံငြိမ်းသူက"နိုင်ငံရေးအခက်အခဲအကျပ်အတည်းကာလမှာ လုယက်မှု တိုက်ခိုက်မှုတွေမှာလည်းအမျိုးသမီးတွေအပေါ်မှာဆိုရင် ပိုပြီးတော့ နိုင်ထက်စီးနင်းပြုလို့၇တယ်ဆိုတဲ့ အခြေအနေတွေကြောင့်ပဲများသောအားဖြင့် လုယက်တိုက်ခိုက်မှုတွေမှာ အမျိုးသမီးတွေကပိုပြီးတော့ ကြုံနေရတဲ့ အခြေအနေရှိပါတယ်။ လုပ်ငန်းခွင်ထဲမှာဆိုရင်လည်းခေါင်းပုံဖြတ်တာ၊ ရိုက်နှက် အကြမ်းဖက်တာအပြင် မုဒိမ်းကျင့်တာတွေအထိရှိနေသေးတယ်။ ခုနကပြောတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကပဲအမျိုးသမီးတွေ အပေါ်နိုင်ထက်စီးနင်းပြုကျင့်ဖို့ အခွင့်အရေး ပေးထားနေသေးတယ်လို့ပြောနိုင်ပါတယ်" ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်ဒေသထဲမှအမျိုးသမီးများအနေဖြင့် အိမ်တွင်းအကြမ်းဖက်ခံရမှုအပါအဝင်၊ ဘာသာရေး ဓလေ့ ထုံးစံများကိုအခြေခံ၍ လူ့အခွင့်အရေးများကန့်သတ်တားမြစ်ခြင်းကို ကြုံတွေ့နေ၇ကြောင်းလည်း ၇ခိုင်မျိုးနွယ်စုဝင်ကမန်လူမျိုး လူငယ်အမျိုးသမီး မဆောင်းနှင်းဝေက ပြောသည်။

"ညီမတို့ပတ်ဝန်းကျင်မှာမတူတဲ့နည်းမျိုးစုံနဲ့ အမျိူးသမီးတွေအပေါ် ဖိနှိပ်မှုတွေ၊ခွဲခြားဆက်ဆံမှုတွေ နေ့တဓူ၀ ကြုံနေ၇တယ်။ ကျွန်မတို့ကအစ္စလာမ်ဘာသာကိုးကွယ်တော့ အမျိုးသမီးတွေက ဘယ်လိုဝတ်စားဆင်ယင်ရမယ်။အပြင်တွေဘာတွေမထွက်ရဘူးဆိုတဲ့ ပုံစံတွေရှိတယ်။ အိမ်ထောင်မှုပြုတဲ့အခါလည်းမိဘက သဘောတူတဲ့ လူပဲယူ၇မယ်ဆိုတဲ့ ပုံစံတွေ ပတ်ဝန်းကျင်မှာ ရှိနေသေးတယ်" ဟု ပြောသည်။

အထူးသဖြင့် ကျေးလက်ဒေသနှင့်IDP Camp များတွင်ရှိသည့်အမျိုးသမီးများနှင့် အမျိုးသမီးငယ်များမှာ အသိပညာပေးမှုများဥပဒေများနှင့်အလှမ်းဝေးနေ၍ ကိုယ်တိုင်အကြမ်းဖက်ခံရမှန်းမသိရှိနိုင်ဘဲအကြမ်းဖက်မှု ကျူးလွန်ခံနေ၇ကြောင်း အမျိုးသမီးအဖွဲ့အစည်းများက ပြောဆိုကြသည်။

လာမည့် မတ်လ ၈ရက်နေ့မှာ ၄၈ ကြိမ်မြောက်အပြည်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည်။

၁၉၀၀ပြည့်နှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများမှ အလုပ်သမားလူတန်းစားအမျိုးသမီးများသည် စီးပွားရေးအရ ခေါင်းပုံဖြတ်ခံ၇မှု၊ အလုပ်ချိန်မတရားခိုင်းစေမှု၊လူမှုအကျိုးခံစားခွင့်ကင်းမဲ့မှု၊ နိုင်ငံရေးအရဖိနှိပ်မှု၊ ဆင်းရဲမွဲတေမှုများကိုခံစားခဲ့ကြ၇သည်။

၁၉၀၈ ခုနှစ်တွင်အမျိုးသမီး တစ်သောင်းခွဲကျော်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်ခ် မြို့၏လမ်းများပေါ်ထွက်၍အမျိုးသမီးများ မဲပေးခွင့် ရရှိရေး၊ မျှတသောအလုပ်ချိန် သတ်မှတ် ပေးရေး၊လုပ်ခလစာတန်းတူရရှိရေးတို့အတွက် တောင်းဆိုခဲ့ကြသည်ဟု သိ၇သည်။

၁၉၁၀ ခုနှစ်ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် မြို့မှာကျင်းပခဲ့သောနိုင်ငံတကာအမျိုးသမီးအလုပ်သမား ညီလာခံတွင်ဂျာမနီဆိုရှယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီး ဌာနခေါင်းဆောင် ကလာရာ ဇက်ကင်ဆိုကအမျိုးသမီးများအခွင့်အရေးတန်းတူညီမျှ ရရှိရေးအတွက် အမျိုးသမီးများနေ့သတ်မှတ်ပေးရန် အဆိုတင်သွင်းခဲ့ပြီး နိုင်ငံပေါင်း (၁ရ)နိုင်ငံရှိ အလုပ်သမားသမဂ္ဂများ၊ဆိုရှယ်လစ်ပါတီများ၊ အမျိုးသမီးအလုပ်သမားအဖွဲ့များမှ အမျိုးသမီး (၁၀၀)ကျော်က၄င်း၏အဆိုကို သဘောတူညီခဲ့ကြသည်။

ယင်းသဘောတူညီမှုကြောင့်၁၉၁၁ ခုနှစ်မှ စတင်ကာ မတ်လ ၁၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် စတင်သတ်မှတ်ပြီး အမျိုးသမီးများအခွင့်အရေးတန်းတူညီမျှရရှိရန် တောင်းဆိုခဲ့ကြသည်။

ယင်းနောက်၁၉၇၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ်တရားဝင်သတ်မှတ်ပေးခဲ့ကြောင်း သိ၇သည်။ (NN-23)

 

ဓာတ်ပုံ- ရခိုင်သူအချို့အား စစ်တွေရှိ အခမ်းအနားတစ်ခုတွင်တွေ့၇စဉ်။

#အမျိုးသမီးလူပ်ရှားမှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.