စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမရက် ရခိုင်တွင် ကျောင်းသားကျောင်းသူ ၂ ထောင်ကျော် ဖြေဆိုရန်ပျက်ကွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

နိရဥ္စရာ၊ မတ် ၈/၂၀၂၃

ယနေ့တွင်ပြုလုပ်သော စနစ်ဟောင်းတက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ပထမနေ့တွင်  ရခိုင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၃၆၂ ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၃ ခုနှစ်အတွက် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်မှ ဖြေဆိုရန်စာရင်းပေးသွင်းထားသည့် ကျောင်းသား ကျောင်းသူ ၁၉၂၉၀ ဦးရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ ၁၆၉၂၈ ဦးသာဖြေဆိုခဲ့ပြီး ၂၃၆၂ ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရ ဉ္စရာသို့ပြောသည်။

"တစ်ချို့ကလေးတွေက ဖောင်တစ်နေရာမှာတင်ပြီး အခြားတစ်နေရာမှာ သွားတင်တာမျိုးတွေလည်း ရှိတယ်။ အခြားတစ်နေရာမှာသွားဖြေတာတွေလည်းရှိတယ်။ အဲဒါက ကျောင်းတွင်း ကျောင်းသားတွေမဟုတ်တော့ စိစစ်လို့မရဘူး။ မြန်မာနိုင်ငံစာစစ်ဦးစီးကိုတိုက်ရိုက်တင်ကြတာ။ တချို့က စစ်တွေမှာတင်ခဲ့ပြီး ဘူးသီးတောင်မှာအမျိူးရှိလို့တင်ကြတာလည်းရှိတယ်။ အဲလိုမျိုးတွေကြောင့်လည်း ဖြစ်နိုင်တယ်"ဟုပြောသည်။


ရခိုင်တွင် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲကို ခရိုင် ၇ ခုရှိ စာစစ်ဌာန ၆၀ တွင်ကျင်းပနေရာ စစ်တွေခရိုင်မှ ဝင်ရောက်ဖြေဆိုရန်ပျက်ကွက်သူ ၇၇၇ ဦးရှိပြီး ပျက်ကွက်သူအများဆုံးခရိုင် ဖြစ်ကြောင်း သိရသည်။

 

ယနေ့ မတ်လ ၈ ရက်တွင် စတင်ဖြေဆိုရသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် ဆယ်တန်း သင်ရိုးစနစ်ဟောင်းအတွက် နောက်ဆုံးအကြိမ်ကျင်းပသည့် စာမေးပွဲဖြစ်ပြီး မတ်လ ၁၈ ရက်အထိ ဖြေဆိုကြရမည်ဖြစ်သည်။

 

တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုနှစ်စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ခြင်းမရှိပါက လာမည့်နှစ်တွင် စနစ်သစ်သင်ရိုးညွှန်းတမ်းဖြင့် ဆက်လက်သင်ကြားသွားရမည်ဖြစ်ကြောင်း သိရသည်။

 

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာန ၂၁၈ ခုကို ဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင် ဖြေဆိုမည့် သူဦးရေနည်းသဖြင့် ယခုနှစ်တွင် စာစစ်ဌာနအရေအတွက် ၆၀ အထိ လျှော့ချထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူဦးရေ ၄၁၇၅၃ ဦးဖြေဆိုခဲ့ပြီး ၁၉၇၂၉ ဦး စာမေးပွဲအောင်မြင်ခဲ့သည်။ (NN-8)

ဆက်စပ် သတင်းများ