စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အမ်းနှင့် စစ်တွေတွင် မီးလောင်မှုထပ်ဖြစ်၊ နေအိမ် ၁ လုံးနှင့် ကုန်စုံဆိုင် ၁ ဆိုင် ပျက်စီးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 9.1k

နိရဥ္စရာ၊ မတ် ၁၀ / ၂၀၂၃

အမ်းမြို့နယ်နှင့် စစ်တွေမြို့နယ်တို့တွင် မီးကြွင်းမီးကျန်များမှတဆင့် မီးလောင်မှုများ ဖြစ်ပွားခဲ့၍ နေအိမ် ၁ လုံးနှင့် ကုန်စုံဆိုင် ၁ ဆိုင် ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။

 

အမ်းမြို့နယ်၊ တပ်တောင်မြို့အဝင် လုတ်လမ်းကွေ့ရှိ ဦးမြင့်သိန်း၏ ကုန်စုံဆိုင်တွင် ယနေ့ မတ်လ ၁ဝ ရက်၊ နံနက် ၁၁ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့နယ် မီးသတ်ဦးစီး ဦးရဲဇွဲဖြိုးက ပြောသည်။

"ဆီဆိုင်လို့တော့ မဟုတ်ပါဘူး။ သူ့မှာကုန်စုံဆိုင်နဲ့ တွဲဖွင့်ထားတာပါ။ ဆီလည်း အနည်းအပါးရောင်းပါတယ်။ မီးလောင်တာကတော့ မီးကြွင်းမီးကျန်က တဆင့်လောင်တာပါ" ဟု ပြောသည်။
 
ယင်းကုန်စုံဆိုင်မှာ ယခုနှစ် နှစ်ဆန်းပိုင်းက မီးလောင်ပျက်စီးသွား၍ အသစ်တည်ဆောက်ထားရာမှ ယခုထပ်မံမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း တပ်တောင်မြို့ခံတစ်ဦးက ပြောသည်။

"အဲဒီဆီဆိုင်က မီးလောင်လို့ ပြန်ဆောက်ထားတာ သိပ်မကြာသေးဘူး။ မှတ်မှတ်ရရဆို ပြီးခဲ့တဲ့လကဖြစ်မယ်။ အခုမီးထပ်ပြီးလောင်သွားတာပါ" ဟု ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်ကြောင်း အမ်းမြို့မီးသတ်ဦးစီး ဦးရဲဇွဲဖြိုးက ပြောသည်။

ယမန်နေ့ မတ်လ ၉ ရက်၊ ည ၁ဝ နာရီခွဲခန့်ကလည်း စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာ အကွက်(၁၁၀)ရှိ နေအိမ် ၁ လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါနေအိမ်မီးဖိုခန်းရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိဝါးထရံသို့ မီးကူးလောင်ကျွမ်းခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် (၂၀×၁၂×၁၂)ပေ (ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း) လူနေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက် သေဆုံးမှုမရှိခဲ့ဟု သိရသည်။


ယမန်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာတွင် အရက်မူးနေသူ တစ်ဦးက နေအိမ် မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ရခိုင်တွင် ပွင့်လင်းရာသီဖြစ်သည့် ဇန်နဝါရီလမှစတင်ကာ ယခုလအထိ မီးလောင်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး လူသေဆုံး၊ ဒဏ်ရာရမှုများနှင့် နေအိမ်အဆောက်အအုံများ မီးလောင်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည်။ (NN-23)

 

ဓာတ်ပုံ - အမ်း တပ်တောင်မြို့ မီးလောင်မှုအား တွေ့ရစဉ်။

Photo - တပ်တောင်ဘောလုံးအသင်း

ဆက်စပ် သတင်းများ