အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

န၀မအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုပေးပွဲ ဆုရသူ(၆) ဦးစာရင်း ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ မတ် ၁၂ / ၂၀၂၃

ရခိုင်ပြည်တွင် စာပေနှင့်ပတ်သက်၍အကြီးဆုံးဆုပေးပွဲကြီးတစ်ခုဖြစ်သော တန်းခိုးဆရာထွန်း (န၀မ) အကြိမ်မြောက် စာပေဆုချီးမြှင့်ပွဲအတွက် ဆုရသူများစာရင်းကို ပွဲကျင်းပရေးကော်မတီက ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါဆုပေးပွဲတွင် တစ်သက်တာစာပေဆု၊ ဂီတစာဆိုဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆု၊ ကဗျာဆု၊ အချေကဗျာဆု (ကလေးကဗျာဆု) စသည့် စုစုပေါင်း ၆ ဆု ပါဝင်မည်ဖြစ်ပြီး ဆုရရှိသူများစာရင်းကို မတ်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဆုရရှိသွားသူများမှာ တစ်သက်တာစာပေဆုအား ဦးမောင်ဗသိန်း၊ ဂီတာစာဆိုဆု ကိုလွမ်းဝေ (သံတွဲ)၊ ဝတ္ထုဆု မြင့်သုမိုး၊ ကဗျာဆု မိုးပြို (မင်းပြား)၊ အချေကဗျာ (ကလေးကဗျာ)ဆု ဖြူဖွေး (နောင်မင်းမြီ)၊ ဆောင်းပါဆု ဇော်လွင်ဦး (ဟင်္သတ)တို့ဖြစ်သည်။

ဝတ္ထုဆုရှင် ဆရာမ မြင့်သုမိုးကအရမ်းပျော်ပါတယ်။ ပင်းပန်းရကျိုးနပ်တယ်လို့လည်း တွေ့ပါတယ်။ ဝင်ပြိုင်ရတဲ့အချိန်မှာတော့ အခက်အခဲတွေ တွေ့ပါတယ်။ ကျမက မအားလပ်တဲ့ကြားက ၂၅ မျက်နှာ ဝတ္ထုတစ်ပုဒ်ကို ဝင်ပြိုင်ရတာဆိုတော့ တော်တော်လေးအခက်အခဲတွေ့ပါတယ်။ ပထဆုံးအကြိမ် ဝင်ပြိုင်တာဆိုတော့ ဆုရချင်တဲ့စိတ်က အားကြီးနေပါတယ်။ အကောင်းဆုံးလည်း ကြိုးစားဖြစ်ပါတယ်။ အခု ဆုရလာတဲ့အတွက်လည်း ဝမ်းသာပါတယ်ဟုပြောသည်။

ဆုချီးမြှင့်ရန်အတွက် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာနှင့် ကလေးကဗျာစသည်တို့ကို ပြိုင်ပွဲအနေဖြင့် ကျင်းပပြီး ရွေးချယ်ခဲ့ပြီး တစ်သက်တာစာပေဆုနှင့် ဂီတစာဆိုဆုကို ရွေးချယ်ရာတွင် ရခိုင်စာပေနှင့် ရခိုင်လူမျိုး၊ ရခိုင်ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့သည့် သက်ရှိထင်ရှားပုဂ္ဂိုလ်များကို  ရွေးချယ်ပေးခဲ့သည်ဟု ပွဲကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ၊ ဆုရွေးချယ်ရေးအဖွဲ့ဝင် ဆရာ စစ်တွေညိုသန့်က နိရဥ္စရာကို ပြောသည်။

တစ်သက်တာစာပေဆုကို ရွေးချယ်တဲ့နေရာမှာ ရခိုင်လူမျိုးဖြစ်ပြီး ရခိုင်စာပေ၊ ရခိုင်သမိုင်း၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်အနုပညာ၊ ရခိုင့်သဘာဝ ဝန်းကျင်စသည်များကို အခြေခံရေးဖွဲ့ပြီးတော့ ရခိုင်လူမှုဘဝ၊ ရခိုင်သားဂုဏ်သိက္ခာ၊ ရခိုင်အမျိုးသားပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် သက်ရှိထင်ရှား အသက် ၈၀ အထက်ရှိသော သူကိုရွေးချယ်ပါတယ်။ ဂီတစာဆိုဆုကို ရွေးချယ်တဲ့အခါမှာ ဆရာထွန်းလို ရခိုင်အကြောင်းအရာတွေကို အခြေခံပြီးတော့ သီချင်းရေးပေးနိုင်တဲ့သူတွေကို ဆုချီးမြှင့်ပေးတယ်ဟုပြောသည်။

ဆုချီးမြှင့်ရာတွင် တစ်သက်တာစာပေဆုကို ကျပ် ၈ သိန်း၊ ဂီတာစာဆိုဆု ၆ သိန်း၊ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကလေးကဗျာပြိုင်ပွဲတွင် ဆုရရှိသွားသူများအား ကျပ် ၅ သိန်းစီ အသိီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီက ဆိုထားသည်။

အဆိုပါစာပေဆုပေးပွဲကို တန်းခိုးဆရာထွန်း၏ ဇာတိရွာဖြစ်သော ရခိုင်ပြည်နယ်၊ ပုုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာ၌ လာမည့် မတ်လ ၂၂ ရက်၊ ညနေ ၇ နာရီတွင် ရွာလယ်ရှိကွင်းပြင်၌ ပြုလုပ်သွားမည်ဖြစ်သည်။

တန်းခိုးဆရာထွန်းသည် ကိုလိုနီခေတ်တွင် ထင်ရှားကျော်ကြားခဲ့သော ရခိုင်ဂန္တဝင် ကဗျာနှင့် သာခြင်း ဆရာတစ်ဦးဖြစ်ခဲ့ပြီး အသက် ၇၀ ခန့်တွင် ကွယ်လွန်သွားခဲ့သည်။ (NN - 21)

ဆက်စပ် သတင်းများ