စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ်စာမေးပွဲစစ်နေစဉ် ကျောင်းသူ ၁ ဦးကို အခန်းစောင့်ဆရာမက ကိုယ်ထိလက်ရောက်ရိုက်ပုတ်မှု ယနေ့ ဖြေရှင်းသွားမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.5k

နိရဥ္စရာ၊ မတ် ၁၄/ ၂၀၂၃


ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်း(Day)စာမေးပွဲအခန်းထဲ မေးခွန်းလဲလှယ်သည့် ပထမနှစ် ကျောင်းသူတစ်ဦးကို အခန်းစောင့်ဆရာမက ကိုယ်ထိလက်ရောက် ရိုက်ပုတ်မှု ဖြစ်ပွားခဲ့သည့်အတွက် ယနေ့တွင် ဖြေရှင်းသွားမည်ဟု သတင်းရရှိသည်။

ထိုသို့ ကိုယ်ထိ လက်ရောက်စော်ကားမှု လုပ်ရပ်အပေါ်  ရှုတ်ချကြောင်းနှင့် တက္ကသိုလ် အာဏာပိုင်များအနေဖြင့် အရေးယူဖြေရှင်းပေးရန် ကျောင်းသားများသမဂ္ဂ (စစ်တွေတက္က သိုလ်)က ထုတ်ပြန်တောင်းဆိုထားသည်။
ထိုသို့ ကိုယ်ထိလက်ရောက်ရိုက်နှက်ခံခဲ့ရသူမှာ ဒဿနိကဗေဒမေဂျာမှ ပထမနှစ်ကျောင်းသူ တစ်ဦးဖြစ်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်သူမှာ ရူပဗေဒဌာနမှ တွဲဖက်ပါမောက္ခဆရာမ တစ်ဦးဖြစ်ကြောင်း ကျောင်းသားများသမဂ္ဂ(စစ်တွေတက္ကသိုလ်)၏ ယမန်နေ့ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ မတ်လ ၁၃ ရက်က စစ်တွေတက္ကသိုလ် စာမေးပွဲအခန်းနံပါတ် ၄၁၅ တွင် ဖြေဆိုနေစဉ် တခြားကျောင်းသူတစ်ဦးနှင့် မေးခွန်းလဲလှယ်မိခဲ့သည့်အတွက် အခန်းစောင့်ဆရာမက မခံမရပ်နိုင်အောင်ဆဲဆို ကြိမ်းမောင်းပြီး ပါးကိုရိုက်ခဲ့သည်ဟုဆိုသည်။  

ကျောင်းသားများသမဂ္ဂ(စစ်တွေတက္ကသိုလ်) ဥက္ကဋ္ဌ ကိုမင်းကိုအောင်က"မနေ့ညနေပိုင်းက အဲဒီသတင်း ထွက်လာတော့ ကျနော်တို့ကျောင်းသားသမဂ္ဂက ကျူးလွန်ခံရတဲ့ ကျောင်းသူကို အဆက်အသွယ် လုပ်ခဲ့ပါတယ်။ သူကလည်း ဖြစ်စဉ်ကမှန်ကန်တယ်လို့ ကျွန်တော်တို့ကို အတည်ပြုထားပါတယ်" ဟု နိရဥ္စရာသို့ ပြောသည်။
အဆိုပါ အခန်းစောင့်ဆရာမ ရူပဗေဒဌာန တွဲဖက်ပါမောက္ခအနေဖြင့် မေးခွန်းလဲလှယ်သည့် ကျောင်းသူနှစ်ဦး၏ အဖြေလွှာများကို သိမ်းယူပြီး မှင်နီတားကာအရေးယူရုံလောက်မဟုတ်ဘဲ စာမေးပွဲစည်းကမ်းနှင့်ဆန့်ကျင်၍ ကျောင်းသူတစ်ဦး၏ပါးပြင်ကို လက်ဝါးဖြင့် တစ်ချက်ရိုက်နှက်ခဲ့ခြင်း မဖြစ်သင့်ဟု ၎င်းက ပြောဆိုသည်။ကျောင်းသူတစ်ဦးအား လူပုံအလယ်တွင် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းမှာ အဆိုပါကျောင်းသူ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်စေသည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း ကိုမင်းကိုအောင်က ပြောသည်။

"စာမေးပွဲစည်းကမ်းအရ မသမာမှုတစ်ခုခုလုပ်ရင် စည်းကမ်းချက်မှာရေးထားတဲ့အတိုင်း အရေးယူလို့ရပါတယ်။ ခုကအဲလိုမဟုတ်ဘဲနဲ့ ကျောင်းသူတစ်ဦးကို လူအများကြီးထဲမှာ ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတာက ဘယ်လိုမှမဖြစ်သင့်ဘူး။ စာမေးပွဲစည်းကမ်းနဲ့ လုံးဝမကိုက်ညီဘဲ လုပ်တာဖြစ်တယ်။ အဲဒီလို လူပုံအလယ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်တာက အဲဒီကျောင်းသူရဲ့ ရုပ်ပိုင်းရော၊စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နိုင်တဲ့အတွက် ရှုတ်ချပါတယ်" ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တက္ကသိုလ်အာဏာပိုင်များအနေဖြင့် ဖြေရှင်းအရေးယူပေးရန် ကျောင်းသားများသမဂ္ဂ(စစ်တွေတက္ကသိုလ်)က ယမန်နေ့ မတ်လ ၁၃ ရက် ၊ ညပိုင်းတွင် သဘောထားထုတ်ပြန် တောင်းဆိုထားသည်
စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက အဆိုပါဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဆရာမ၊ ကာယကံရှင်ကျောင်းသူနှင့် တခန်းတည်းဖြေဆိုနေသူ ကျောင်းသူ/ သားများကို ယနေ့မတ်လ ၁၄ ရက်တွင် တွေ့ဆုံမေးမြန်းပြီး ဖြေရှင်းဆောင်ရွက်ပေးမည်ဟု ကျောင်းသားသမဂ္ဂကို ပြောဆိုထားကြောင်း ကိုမင်းကိုအောင်က ပြောသည်။

စော်ကားခံခဲ့ရသည့် ကျောင်းသူက "အဲဒီဆရာမတို့၊ ဆရာကြီးတွေက ဒီနေ့တွေ့ဖို့ခေါ်ထားပါတယ်။ အဲဒီမှာ အဲဒီဆရာမက ဝန်ခံတောင်းပန်ရင်ပြီးပါပြီ" ဟု ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်သည့် ကာယကံရှင် တွဲဖက်ပါမောက္ခကို နိရဥ္စရာက ဆက်သွယ် မေးမြန်းနိုင်ရန်ကြိုးစားနေဆဲဖြစ်ပြီး လက်ရှိတွင်အဆက်သွယ်မရရှိနိုင်သေးပေ။

စစ်တွေတက္ကသိုလ် နေ့သင်တန်း (Day)စာမေးပွဲကို မတ်လ ၉ ရက်မှစတင်ကာ မတ်လ ၁၆ ရက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။ (NN-23)

 

ဆက်စပ် သတင်းများ