စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်တွင် ရပ်နားထားရသည့် ရခိုင့်ယဉ်ကျေးမှုဆိုင်ရာအသိပညာပေးအခမဲ့သင်တန်းများ ဧပြီတွင် ပြန်လည်စတင်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 9k

နိရဉ္စရာ၊ မတ် ၁၅ /၂၀၂၃

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့်ရပ်နားထားခဲ့ရသည့် ရခိုင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးအခမဲ့သင်တန်းများကို လာမည့်ဧပြီလအတွင်း ပြန်လည်သင်ကြားပေးတော့မည်ဟု သိရသည်။

 

၎င်းသင်တန်းကို မေဃအလင်းရောင်ပရဟိတလူငယ်များအဖွဲ့က ဦးဆောင်ကာ မာန်အောင်ကျွန်း တစ်ခုလုံးတွင်ရှိသော ကျေးရွာများအားလုံးတွင် လာမည့် ဧပြီလ ၂၅ ရက်မှစကာ ၁၅ ရက်ခန့် ရက်တိုသင်တန်းအဖြစ် သင်ကြားပြသပေးသွားမည်ဟု သိရသည်။

ရှေးယခင်က ရခိုင်ပြည်တွင် ထွန်းကားခဲ့သော ရခိုင်ငစွယ်အက၊ ရခိုင်ဒုံးအကတို့မှာ ယခုအချိန်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေ၍ အဆိုပါရခိုင့်ယဉ်ကျေးမှုများအား လူမျိုးခြားများ၏ ယဉ်ကျေးမှုများလွှမ်းမိုးမခံရအောင် ပြန်လည်ဖော်ထုတ်ပြသပေးသွားမည်ဟု အသင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုမင်းထက်ဇော်က ပြောသည်။

 

အခုနောက်ပိုင်းမှာ ရခိုင်ယဉ်ကျေးမှုတွေက ပျောက်ကွယ်သွားပြီးတော့ တစ်ခြား ယဉ်ကျေးမှုတွေ လွှမ်းမိုးလာတာကို ကျနော်တို့ ရခိုင်ပြည်မှာတွေ့ရတယ်။ အဲဒါတွေက အရမ်းကို အန္တရာယ်ကြီးတဲ့ ဖုံးလွှမ်းမှုတစ်ခုဖြစ်သွားမယ်လို့ ယူဆတယ်။ အဲဒါကြောင့် ကျနော်တို့ ယဉ်ကျေးမှု၊ ကျနော်တို့ ရခိုင်တွေရဲ့ သမိုင်းတွေ မပပျောက်သွားဖို့အတွက်၊ ကျနော်တို့ ရခိုင်တွေရဲ့ယဉ်ကျေးမှုကို တခြားလူတွေရဲ့ ယဉ်ကျေးမှု ဖုံးလွှမ်းမခံရအောင်အတွက် ကျနော်တို့ လူငယ်တွေကို သင်ကြား ပြသပေးရတာဖြစ်တယ်ဟုပြောသည်။

 

အဆိုပါသင်တန်းကို ၂၀၂၁ ခုနှစ်မှ စတင်သင်ကြားခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရသည်ဟု ဆိုသည်။

 

သင်တန်းပြသရန်အတွက် လိုအပ်သော ငွေကြေးကို နိုင်ငံခြားရောက် ရခိုင်လူမျိုးများ စုပေါင်းပြီး ဖွဲ့စည်းထားသော ရက္ခဝဏ္ဏငွေပဒေသာအသင်းကထောက်ပံ့ပေးပြီး အဆိုပါသင်တန်းအား နှစ်စဉ်နှစ်တိုင်းသင်ကြားပေးသွားမည်ဟု ကိုမင်းထက်ဇော်က ပြောသည်။

 

ယင်းသို့သင်ကြားပြသပေးနိုင်ရန် ရပ်ရွာတစ်ရွာမှ သင်ကြားပြသမည့်တာဝန်ခံ ဆရာ၊ ဆရာမ ၃ ဦးကို ယခုရက်ပိုင်းအတွင်း ဆရာဖြစ် အတတ်သင် သင်တန်းပြသပေးသွားမည်ဟုလည်း ဆိုသည်။

 

သင်တန်းပြသရန်အတွက် အတန်းသုံးတန်း သတ်မှတ်ထားကာ Grade-2 မှ Grade- 4 အထိကို ပထမတန်း၊ Grade- 5 မှ Grade- 6 အထိကို ဒုတိယတန်းအဖြစ်သတ်မှတ်ပြီး Grade- 7 နှင့် Grade-8 ကို တတိယအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။ (NN - 21)

 

ဓာတ်ပုံ - မေဃအလင်းရောင်ပရဟိတလူငယ်များအဖွဲ့

ဆက်စပ် သတင်းများ