အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ကျောက်ဖြူမှ ရေလုပ်သားတချို့ ငါးဖမ်းခွင့်တားမြစ်ခံထားရ၍ စားဝတ်နေရေးကျပ်တည်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 6.3k

နိရဥ္စရာ၊ မတ် ၁ / ၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာမှ ရေလုပ်ငန်း လုပ်ကိုင်သူ ရွာသား များသည် သူတို့ လုပ်ကိုင်စားသောက်နေသည့် မြစ်အတွင်း ငါးဖမ်းခွင့်ကို  စစ်ကောင်စီတပ်က () လခန့်ပိတ်ပင်တားမြစ်ထား၍ စားဝတ်နေရေးအကျပ်အတည်း ဖြစ်နေကြသည်ဟု ကာယကံရှင်များက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ကျေးရွာသားတစ်ဦးက သူတို့  စစ်တပ်က တားမြစ်ထားတာက တစ်လနီးပါးရှိနေပြီ။ မဒေးကျွန်းကနေပြီတော့ အုန်းကျွန်းမှာရှိတဲ့ ရေတပ်ကို မီးကြိုးတွေသယ်နေလို့ ငါးမဖမ်းဖို့ ကန့်သတ်ထားတာပါ။ ကျနော်တို့မှာက လုပ်စားစရာဆိုလို့ ငါးဖမ်းတဲ့ အလုပ်တစ်ခုပဲ ရှိတာပါ။  အဲလိုမျိုး ငါးမရတဲ့အတွက် ကျနော်တို့မှာ စားဝတ်နေရေးကအစ အဆင်မပြေဘူး အကျပ်အတည်းဖြစ်နေကြပါတယ်ဟု ပြောသည်။

စစ်ကောင်စီသည် သစ်ပုတ်တောင်အနီးရှိ ချီကျန်းမြစ်ကိုဖြတ်ကာ အုန်းကျွန်းသို့ လျှပ်စစ်မီးကြိုးများအပါအဝင် တစ်ခြားလျှပ်စစ် ပစ္စည်းများကို ပို့ဆောင်နေ၍ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ဝ ရက်ကပြီး အဆိုပါ မြစ်အတွင်း  ငါးမဖမ်းကြရန် တားမြစ်ထားကြောင်း သိရသည်။

သူတို့က တစ်လလောက် ငါးမဖမ်းဖို့ တားမြစ်ထားတော့ ကျနော်တို့မှာ တော်တော်လေး အခက်အခဲ ဖြစ်ပါတယ်။ လာမယ့်နောက်ထပ် ၁၀ ရက်လောက်မှာဆိုရင် ကျနော်တို့ ပြန်ပြီးတော့ ပိုက်ချ (ငါးဖမ်း) ခွင့်ရဖို့ မျှော်လင့်နေပါတယ်။  အဲဒီအချိန်မှာလည်း ချခွင့် ရ၊ မရကိုလည်း ကျနော်တို့ မသိရသေးဘူး။ တကယ်လို့ ကျနော်တို့ ပိုက်မချရဘူးဆိုရင်တော့ အခက်အခဲတွေ အကြီးအကျယ်ဖြစ်ပေါ်နိုင်တဲ့ အတွက် ကျနော်တို့ကို ငဲ့ညှာတဲ့အနေနဲ့ အစိုးရက အထောက်အပံ့တွေ ပေးဖို့လိုအပ်ပါမယ်ဟု ပြောသည်။

သစ်ပုတ်တောင်ကျေးရွာများသည် ချီကျန်းမြစ်အတွင်း ကျားပိုက်ချကာ ငါးဖမ်းခြင်းဖြင့် အသက်မွေးမြူးကြပြီး ငါးဖမ်းသည့်လုပ်ငန်းမှ တစ်ဦးလျှင်  တစ်လ မြန်မာကျပ်ငွေ ၄ သိန်းနှင့် ၅ သိန်းကြား ဝင်ငွေ ရရှိသည်ဟု ဆိုသည်။

အဆိုပါကျေးရွာသည် ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းအနီး၌ တည်ရှိပြီး အိမ်ခြေ ၁၅၀ ခန့်ရှိပြီး လူဦးရေ ၆ဝဝ ခန့်နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ (NN - 21)

 

ဓာတ်ပုံ - ကျောက်ဖြူမြို့နယ်မှ ရေလုပ်သားအချို့အားတွေ့ရစဉ်။

ဆက်စပ် သတင်းများ