သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ရခိုင်ရှိ စစ်တပ်တပ်ရင်းများတွင် နှစ်ချီစားသုံးနိုင်သည့် စားနပ်ရိက္ခာများဖြည့်တင်းထားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

နိရဥ္စရာ၊ မတ် ၁၆/၂၀၂၃

စစ်ကောင်စီသည် ရခိုင်ရှိ စစ်တပ် တပ်ရင်းများတွင် နှစ်ချီစားသုံးနိုင်သည့် စားနပ်ရိက္ခာများ ဖြည့်တင်းထားပြီ စစ်ပွဲကြီးတစ်ခုအတွက် ပြင်ဆင်နေပုံရသည် စစ်ရေးလေ့လာ အကဲခတ်သူများက ပြောသည်။ 

ထိုသို့ လက်နက်၊ ရိက္ခာ၊ လူအင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှကြောင်းကို  မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုနှင့် နီးစပ်သူ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"အခု အခြေအနေအရ စားနပ်ရိက္ခာတွေကို နေ့တိုင်း တပ်ရင်းတွေကို ပို့ဆောင်နေတာပါပဲ။ နယ်ခြားစောင့် ရဲတပ်ရင်းတွေမှာလည်း အပြည့်ဖြည့်ထားတယ်။  တစ်နှစ်ခွဲစာ၊ နှစ်နှစ်လောက် အတွက် စားဖို့သောက်ဖို့  ရိက္ခာတွေ စုဆောင်းထားတယ်လို့ သိရပါတယ် ရိက္ခာကတော့ လုံလောက်တဲ့ အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်"ဟု ပြောသည်။ 

ရခိုင်တွင် တကျော့ပြန်ဖြစ်ပွားခဲ့သည့် ၄ လတာ ိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းများကို အေအေက ဘက်ပေါင်းစုံမှ ပိတ်ဆို့ခဲ့သဖြင့် စစ်ကောင်စီ တပ်အချို့သည် ရိက္ခာ၊ လက်နက်ခဲယမ်းမီးကျောက် ပြတ်တောက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

 ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယာယီအပစ်အခတ်ရပ်စဲခဲ့ကြပြီးနောက် စစ်ကောင်စီတပ်သည် စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာဖြည့်တင်းမှုများကို ယခင်ကကဲ့သို့ မကြုံရအောင် အင်တိုက်အားတိုက် ဆက်တိုက်ပြုလုပ် စုဆောင်းလာခြင်း ဖြစ်ပုံရသည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။  

လက်နက်၊ ရိက္ခာတင်ကားများ မပြတ်သွားလာမှုများအပြင် အသံဖမ်းစက်များနှင့် တခြား ထောက်လှမ်းရေးစက်ပစ္စည်းများ မောင်တောမြောက်ပိုင်းသို့ စစ်ကောင်စီတပ်သားများက ဒိုင်နာကားနှင့် သယ်ယူသွားသည်ကို မတ်လ ၁၄ ရက် ညနေပိုင်းတွင် တွေ့ရှိခဲ့ရကြောင်း မောင်တောမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

"စစ်ပစ္စည်းတွေမဟုတ်ဘဲ စလောင်းခွက်တွေလို၊ အသံဖမ်းစက်ပုံစံမျိုးတွေ တခြားပစ္စည်းတွေရော ဒိုင်နာကားအရှည်၊ အဖြူနဲ့ ကားမှာအပြည့်ပဲ။ ဘာလုပ်ဖို့၊ ဘယ်မှာ တပ်ဆင်ဖို့ဟာတွေလဲတော့ မပြောနိုင်ဘူး။ ရွှေဇားတံတားဘက်ကနေ မောင်တောမြောက်ပိုင်းကို တင်ယူသွားပါတယ်"ဟု ပြောသည်။ 

ယခု တစ်ကြိမ် အပစ်ရပ်စဲရေးကာလတွင် စစ်ကောင်စီသည်  စစ်ရေးလှုပ်ရှားပြင်ဆင်မှုများကို ယခင်အချိန်ကထက် ပိုမိုပြုလုပ်လာသည်ကို တွေ့မြင်နေရသည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောသည်။ 

"အပစ်အခတ်ရပ်ထားတဲ့ကာလမှာတော့ ကျနော်တို့အမြင်မှာတော့  စစ်ဖက်ဆိုင်ရာလှုပ်ရှားမှုတွေ၊ ပြင်ဆင်မှုတွေ အများကြီးလုပ်လာတာကိုတွေ့ရတယ်။ အရပ်ဖက် ပြည်သူတွေ ကြားမှာလည်း ပိုပြီးပြောစရာဖြစ်လောက်အောင်အထိ၊ သတိထားမိလောက်အောင်အထိဖြစ်နေတယ်။  စိုးရိမ်စိတ်ဝင်လောက်အောင်အထိ အခြေအနေတွေကို မြင်ရတယ်ပေါ့လေ" ဟု ဆိုသည်။ 

တိုက်ပွဲရပ်နားထားချိန်တွင် စစ်တပ်တစ်ခုအနေနှင့် ကြိုတင်ပြင်ဆင်မှုများ၊ ရိက္ခာ၊ လက်နက်အင်အားများ ဖြည့်တင်းမှုမှာ ပုံမှန်သာ ဖြစ်သော်လည်း ယခုတစ်ကြိမ်ပြင်ဆင်မှုသည် ခါတိုင်းနှင့် မတူဟု ဆိုကြသည်။

စစ်ကောင်စီ၏ လှုပ်ရှားမှုများအပေါ်  ULA/AA ကလည်း အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း  တ္တမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ  ဦးခိုင်သုခက ပြောဆိုထားသည်။

စစ်ကောင်စီသည် ULA/AA နှင့်လည်း နိုင်ငံရေးအရ တွန်းတိုက်မှုများ လုပ်ဆောင်နေလျက်ရှိပြီး  ဆိုးဆိုးဝါးဝါးဆက်လက် လုပ်ဆောင်လာပါက တိုက်ပွဲလမ်းကြောင်းကိ အချိန်မရွေး ပြန်ရောက်သွားနိုင်ကြောင်းလည်း ဦးခိုင်သုခက သတိပေး ပြောဆိုထားသည်။ (NN-7)

ဆက်စပ် သတင်းများ