တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဘုရားဖူးသူများအဆင်ပြေစေရန် သမိုင်းဝင် ကျောက်တော်တောင်တွင် ဓာတ်လှေကားတပ်ဆင်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ မတ် ၁၆/ ၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်၌ ဘုရားဖူးလာသူများသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်လျက် ဓာတ်လှေကားတပ်ဆင်မည်ဟု သိရသည်။


ယင်းသို့ပြုလုပ်ရန်အတွက် ဂေါပကအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်ဘုရားဓာတ်လှေကားကို ယမန်နေ့ မတ်လ ၁၅ ရက်တွင် သွားရောက်လေ့လာကြည့်ခဲ့ကြပြီး ကုန်ကျငွေ ကျပ်သိန်း ၁ သောင်းခန့်ရှိနိုင်သည်ဟု ဂေါပကအဖွဲ့ဝင် ဦးကျော်ကျော်က နိရဥ္စရာကိုပြောသည်။

"ကျွန်တော်တို့က အခု ကျောက်တော်တောင် အရှေ့ဘက်ခြမ်းက ပထဝီအနေအထားတွေနဲ့ အနောက်ဘက်ခြမ်းကိုကွင်းဆင်းလေ့လာနေကြတယ်။ ကျွန်တော်တို့ဆီမှာ ၁ သောင်းအနည်းဆုံး ကုန်ကျနိုင်မယ်" ဟု ပြောသည်။

မြတ်စွာဘုရားရှင်ကိုယ်တိုင် ကြွရောက်တော်မှုခဲ့သည်ဟု ရခိုင်လူမျိုးများက ယုံကြည်ကြသည့်  ကျောက်တော်တောင်ဘုရားသည် ကျောက်တော်မြို့ တစ်ဖက်ကမ်း ကစ္စပနဒီ မြစ်ကမ်းဘေးတွင် တည်ရှိပြီး သမိုင်းဝင် အထင်ကရ နေရာတစ်ခုဖြစ်သည်။

 

ဓာတ်လှေကားပြုလုပ်ရန်အတွက် ယခင်မူလကရွေးချယ်ထားသည့် ကျောက်တော်တောင် အရှေ့ဘက်ခြမ်း ဂေါက်ကွင်းနေရာ၊ ဂူထွင်းဘုရားအနီးရှိ တောင်ဘက်တစ်နေရာနှင့် မြောက်ဘက်တစ်နေရာ၊ စုစုပေါင်း ၃ နေရာအထိ ဘုရားဂေါပကများက လျာထားရွေးချယ်ထားသည်ဟုလည်း ဆိုသည်။

ကျောက်တော်တောင်တွင်ဓာတ်လှေကားပြုလုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင်တစ်ကြိမ် စီစဉ်ခဲ့သော်လည်း စစ်ရေး၊ နိုင်ငံရေးနှင့် ကိုဗစ်ကပ်ရောဂါတို့ကြောင့် အစီအစဉ်ဖြစ်မြောက်ခဲ့ခြင်းမရှိခဲ့ဟု ဦးကျော်ကျော်က ဆက်ပြောသည်။

ယခုကဲ့သို့ ဓာတ်လှေကားပြုလုပ်ရန်စီစဉ်ရခြင်းမှာ ဘုရားဖူးများ သွားလာရအဆင်ပြေစေရန် အတွက်ဖြစ်သည်ဟုလည်း နောက်ထပ် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ကျွန်တော်တို့ဓာတ်လှေကားပြုလုပ်တာက ဘုရားဖူးလာသူတွေ သွားလာရေးအဆင်ပြေစေဖို့အတွက် အဓိကရည်ရွယ်ပြီးပြုလုပ်ရတာဖြစ်ပါတယ်။ ဦးရာဇ်တောင်ဘုရားမှတောင် ဓာတ်လှေကားနဲ့ တက်ရတယ်။ ဒီကျောက်တော်တောင်မှာလည်း ဓာတ်လှေကားရှိရင်ပိုအဆင်ပြေမယ် တောင်က မတ်စောက်တော့ သက်ကြီးရွယ်အိုတွေ ဘုရားဖူးဖို့ အခက်အခဲရှိတယ်။ လူတိုင်း သက်ကြီးရွယ်အိုတွေ သွားလာရေးခက်ခဲသူတွေ၊ လူတိုင်း ဘုရားဖူးနိုင်အောင် ရည်ရွယ်ချက်တွေနဲ့ ာတ်လှေကားတပ်ဆင်ဖို့ စီစဉ်ရတာပါ" ဟု ပြောသည်။

ကျောက်တော်တောင်တွင် ဓာတ်လှေကားတည်ဆောက်ပြုလုပ်နိုင်ခြင်းမှာ ကောင်းသည့်လုပ်ရပ်ဖြစ်ပြီး တောင်အပေါ်အထိ ဘုရားတက်ဖူးရန်မစွမ်းနိုင်သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အတွက်လည်း ဘုရားဖူးရန် ပိုအဆင်ပြေလာနိုင်စေသည်ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

"ဘုရားဖူးချင်လို့ ဖူးခွင့်မရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူ၊ ကလေးသူငယ်တွေက အစ ဓာတ်လှေကားနဲ့ဆိုတော့ အဆင်ပြေပြေတက်ဖူးနိုင်တယ်။ ကောင်းတဲ့လုပ်ရပ်ပါပဲ" ဟု ပြောသည်။

ကျောက်တော်တောင်တွင် ဓာတ်လှေကားပြုလုပ်ရန်အတွက် လာမည့်မတ်လ ၁၈ ရက်၊ စနေနေ့တွင် ဘုရားဂေါပကများက တည်ဆောက်ရေးအဖွဲ့တစ်ခုဖွဲ့စည်းသွားမည်ဖြစ်ပြီး တည်ဆောက်ရေးအဖွဲ့က ဦးစီးကာ လိုအပ်သည်များကိုပြုလုပ်ဆောင်ရွက်သွားမည်ဟု သိရသည်။

 

အဆိုပါဓာတ်လှေကားကို စေတနာရှင်များ၏လှူဒါန်းငွေများဖြင့် တည်ဆောက်သွားမည်ဖြစ်သည့် အတွက် အလှူငွေများ လိုအပ်လျက်ရှိသည်ဟု ဂေါပအဖွဲ့က ပြောသည်။

 

ကျောက်တော်တောင်သည် ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ ၃၀၀ ကျော်ခန့်တွင် တည်ရှိသည်။

 

မဟာသက္ကရာဇ် ၁၂၃ ခုတွင် ဂေါတမမြတ်စွာဘုရားရှင်သည် ရခိုင်ဘုရင်စန္ဒသူရိယ မနောဒိဋ္ဌာန်ဖြင့်ပင့်လျောက်၍ ဓညဝတီ ရခိုင်ပြည်သို့ ကြွလာတော်မူခဲ့စဉ် ကျောက်တော်ဘုရားတည်ရှိရာ ကျောက်အတိပြီးသော မောရပဗ္ဗတတောင်ထက်၌ ရပ်တန့်တော်မူပြီးလျှင် နုစဉ်ဘဝတွင် ထိုဒေသ၌ ပန်းပွတ်သမား ဖြစ်ခဲ့ဖူးကြောင်း၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် ကျောက်ရိုးတော်ဓာတ်ကို ဤအရပ်၌ ဌာပနာကာ ကျောက်တော်စေတီဟုတွင်လတ္တံ့ဟူ၍ ဗျာဒိတ်ထားတော်မူခဲ့ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။

 

ရခိုင်တွင် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်တွင် ဓာတ်လှေကားတစ်ခုရှိပြီး ယခုကျောက်တော်တောင်တွင် တည်ဆောက်မည့်ဓာတ်လှေကားမှာ ရခိုင်ပြည်နယ်ရှိ ဘုရားစေတီများတွင်ရှိသည့် ဒုတိယမြောက်ဓာတ်လှေကားဖြစ်လာမည်ဖြစ်သည်။ (NN-12)


ဓာတ်ပုံ - ကျောက်တော်တောင်အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ