ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရွေးကောက်ပွဲရက်ထုတ်ပြန်မကြေညာသေးသော်လည်း ရခိုင်တွင်ရွေးကောက်ပွဲအတွက် မဲရုံများစာရင်း စတင်သတ်မှတ်မှုပြုလုပ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.5k

နိရဥ္စရာ၊ မတ် ၁၇ / ၂၀၂၃

ရွေးကောက်ပွဲကျင်းပမည့် ရက်ကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာခြင်း မရှိသေးသော်လည်း ရခိုင်တစ်ပြညနယ်လုံးတွင် ရွေးကောက်ပွဲအတွက် မဲရုံများစတင်သတ်မှတ်ခြင်း၊ မဲစာရင်း ထုတ်ပြန်ရန် ဆောင်ရွက်ခြင်း စသည်တို့ကို စတင်ဆောင်ရွက်နေပြီဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ယခုမတ်လအလယ်ပိုင်းလောက်မှစ၍ ရခိုင်ပြည်တွင်း ရွေးကောက်ပွဲအတွက် မဲရုံသတ်မှတ်ခြင်းအပြင် ရွေးကောက်ပွဲတွင်အသုံးပြုမည့်ပစ္စည်းစာရင်းနှင့် မဲစာရင်းထုတ်ပြန်ကြေညာနိုင်ရန် ဆောင်ရွက်နေပြီဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

"
ကိုယ်တို့က အခုရွေးကောက်ပွဲအတွက် မဲရုံသတ်မှတ်တာတွေ လုပ်နေပြီ။ မဲရုံသတ်မှတ်တာကတော့ ဘယ်ရွာမှာဘယ်မဲရုံရှိမယ်။ မဲပေးသူအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာမျိုးတွေပေါ့။ ပြီးတော့ ရွေးကောက်ပွဲမှာ အသုံးပြုမယ့် ပစ္စည်းတွေ၊ မဲစာရင်းတွေထုတ်ပြန်ကြေညာနိုင်ဖို့ စလုပ်နေပြီ" ဟု ပြောသည်။

မဲရုံများကို သတ်မှတ်နေဆဲဖြစ်သည့်အတွက် မဲရုံအရေအတွက်အား လောလောဆယ် မသိရသေးဟုလည်း ဆိုသည်။

ယင်းသို့ မဲရုံသတ်မှတ်ခြင်းများစတင်နေပြီဖြစ်သော်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ဆဲ ကာလဖြစ်သည့်အတွက် ရခိုင်မှပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို တစ်စုံတစ်ရာ ညွှန်ကြားမှုများမရှိသေးကြောင်း ဦးသူရိန်ထွဋ်က ဆက်ပြောသည်။

လက်ရှိစစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်းတွင် ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်လျက်ရှိပြီး ယာယီ အပစ်ရပ်ထားသည့် ရခိုင်ပြည်နယ်တွင်လည်း မဲရုံသတ်မှတ်ခြင်းများ စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း စစ်ကောင်စီရွေးကောက်ပွဲအတွက် ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ (RSNUP)တို့သည် ပါတီပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားပြီးကြပြီဖြစ်သည်။

ရခိုင့်အင်အားကြီးပါတီဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP)နှင့် ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားပါတီတို့လည်း မှတ်ပုံတင်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း လက်ရှိ အချိန်ထိ မှတ်ပုံတင်မှု တရားဝင်ထွက်ပေါ်လာခြင်း မရှိသေးဟု  သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(

ALD)ကမူ ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ပြီးနောက် ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် UEC က ဖိတ်ခေါ်ခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်မှ ရက်ပေါင်း ၆၀ အတွင်း UEC ထံ ပါတီမှတ်ပုံတင်ခြင်းမရှိသည့်ပါတီများကို နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟုလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆက်စပ် သတင်းများ