အင်္ဂါ၊ မတ်လ ၅ရက်၊ ၂၀၂၄

မြောက်ဦးမြို့ရှိ လက်ဆည်ကန် ရေခမ်းခြောက်လာ၍ ပုံမှန်ရေပေးဝေနိုင်ခြင်းမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 510

နိရဥ္စရာ၊ မတ် ၁၈/၂၀၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ဗန္ဓုလရပ်ကွက်တွင်ရှိသော လက်ဆည်ကန်ရေသည် ယခုအခါ ခမ်းခြောက်လာ၍ ပုံမှန်ရေးပေးဝေနိုင်ခြင်း မရှိသဖြင့် စစ်ဘေးရှောင်စခန်းများအပါအဝင် ရပ်ကွက်တချို့  သောက်သုံးရေအခက်အခဲဖြစ်နေကြသည်ဟု မြို့ခံများက ပြောသည်။

မြောက်ဦးမြို့ ရေပေါက်ဝရပ်ကွက်မှ ဦးမောင်ညွန့်စိန်က မနှစ်ကနေ ရေက စခမ်းလာတာ။ ကြာလာလို့ နွံတွေနဲ့ တိမ်ကော လာတာလည်း ဖြစ်နိုင်တယ်။ ရေသုံးများလာတာလည်း ဖြစ်နိုင်တယ်။ ပြီးရင် ဒီနှစ်မိုးရာသီတုန်းက မိုးနည်းတာနဲ့လည်း ဆိုင်တယ်။  အရင်နှစ်တွေကဆိုရင် လက်ဆည်ကန်မှာ တံတိုင်းက ရေတွေ လျှံကျတယ်။ အခုဆိုရင် ရေလျှံမကျတော့ဘူး။ ပြန်တူးပေးဖို့လည်း လိုအပ်တာပေါ့ ဟု  နိရဥ္စရာ သတင်းဌာနကို ပြောသည်။

၎င်းကန်သည် မြောက်ဦးမြို့နယ်ရှိ တစ်မြို့လုံးကို နှစ်စဉ်နှစ်တိုင်း ရေပေးဝေနိုင်သော်လည်း ပြီးခဲ့သည့်နှစ် မိုးရာသီက မိုးနည်းခဲ့သလို ယခုအခါ ကန်လည်း တဖြည်းဖြည်း တိမ်ကောလာနေသည့်အတွက် ရေများခမ်းခြောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

 ယင်းသို့ ရေခမ်းခြောက်နေသည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ၃ ရက်တွင် တစ်ကြိမ်သာ မြို့ကို သောက်သုံးရေဖြန့်ဝေပေးနေရသည်ဟု ဆက်ပြောသည်။


ယင်းသို့ ၃ ရက်လျှင် တစ်ကြိမ်စီဖြန့်ဝေပေးနေရာတွင်လည်း လျှပ်စစ်မီးပြတ်တောက်ချိန် များပြားနေသောကြောင့် ရေဖြန့်ဝေချိန်မှာ ပုံမှန်မရှိ၍ အခက်အခဲဖြစ်ရပြန်သည်ဟု မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှ ကျန်းမာရေးနှင့် ပညာရေးတာဝန်ခံ ဦးဝင်းနိုင်ကပြောသည်။

ရေက မီးလာတဲ့အချိန်ပေးတော့လေ။ မနက်လာချင်လာတယ်။ ညနေလာချင်လာတယ်။ ညဥ့်ဘက်လာချင်လာတယ်။ တော်တော် အခက်အခဲဖြစ်ရတယ်။ ချွေတာပြီးလည်း သုံးနေရတာပေါ့ဟု ပြောသည်။

မြောက်ဦးမြို့တွင် ရှေးခေတ်က ရခိုင်ရှင်ဘုရင် လက်ထက်ကတည်းကပင် ရေတွင်း၊ ရေကန်များစွာ တူးဖော်ပြီးရှိခဲ့သော်လည်း လက်ဆည်ကန်ရေကို ပိုက်သွယ်၍ရရှိလာသည့်အချိန်ကပင် ၎င်းကန်ရေကိုသာ အားကိုးပြီး သောက်သုံးနေရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ဗန္ဓုလရပ်ကွက်မှ ဒေါ်နွယ်ချေက ၃ ရက်နေမှ ရေလာတော့ ရေပေးတဲ့အချိန်မှာ အုတ်ကန်တွေ၊ ပုံးကြီးတွေမှာထည့်ထားလိုက်တယ်။ အရင်လို ရေမကြည်တော့ဘူး။ အနည်တွေပါတယ်။ တစ်ညဥ့် သိပ်ထားပြီး သုံးနေတယ်ဟု ပြောသည်။

လက်ဆည်ကန်သည် တောင်ဂျိုင်ကြား ပတ်ပတ်လည်တွင်ရှိနေပြီး အခြားရေကန်အမျိုးအစားကဲ့သို့ လေးထောင့် ပုံသဏ္ဍာန်မျိုးမဟုတ်ဘဲ မြောင်ကဲ့သို့ ရှည်လျားသည့်သဏ္ဍာန်ရှိကြောင်း သိရသည်။

လက်ဆည်ကန်ရေသည် ယခင်က သုံးနှစ်သုံးမိုး မိုးခေါင်မည်ဆိုလျှင်လည်း မြောက်ဦးတစ်မြို့လုံးကို ရေပေးဝေနိုင်သောကြာင့် သောက်သုံး၍ မကုန်နိုင်သည့် ဆည်ဖြစ်သည်ဟုလည်း ရှေ့မီနောက်မီ လူကြီးတစ်ဦးက ပြောသည်။

အရင်က တောင်ပေါ်မှာ ရေလှောင်ကန် ၂ ကန်ရှိတယ်။ အဲ့ဒီရေလှောင်ကန်ကို လက်ဆည်ကန်က ရေဖြည့်ထားတယ်။ အခုက တစ်မြို့လုံးကို ရေပေးဖို့စက်တင်အားက လိုက်မမှီဘူး။ ဒီအတွက် အခုလို  အချိန်နဲ့ပေးရတာ  လက်ဆည်ကန်က ရေတစ်ခါမှ မခမ်းဖူးဘူးဟုပြောသည်။

မြောက်ဦးတွင် သောက်သုံးရေအတွက် လက်ဆည်ကန်နှင့် တောင်ဖြူဆည်များမှ ရေကိုသာ အဓိက အားထားနေကြရသည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ