အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ပထမဆုံးအကြိမ်ကျင်းပသည့် မြောက်ဦးရှိ သမိုင်းဝင် ကိုးသောင်းပုထိုးတော် ဗုဒ္ဓပူဇနိယပွဲ ယနေ့စတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

နိရဥ္စရာ၊ မတ် ၁၈ / ၂၀၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ သမိုင်းဝင်ကိုးသောင်းပုထိုးတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ယနေ့စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

ပွဲတော်စတင်ကျင်းပသည့် ယနေ့ မတ်လ ၁၈ ရက်တွင် ကိုးသောင်းပုထိုးတော်ကြီး၏ပရဝုဏ်အတွင်း စံပယ်နေကြသည့် ဘုရားဆင်းတုတော်များကို အနေကဇာတင်ခြင်း၊ ပင့်ဖိတ်ထားသည့် သံဃာတော်များက ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ခြင်း၊ ရခိုင်ကျင်ပွဲကို စတင်ကျင်းပခြင်း စသည့် အစီအစဉ်များ ပါရှိကြောင်း ကိုးသောင်းပုထိုးတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ညွန့်က နိရဥ္စရာကိုပြောသည်။

ကိုးသောင်းပုထိုးတော်ကြီးတွင် ကိန်းဝပ်စံပျော်နေသော ဗုဒ္ဓဆင်းတုတော်များကို ရောင်တော်  ပွင့်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ပွဲတော်ကျင်းပရခြင်းဖြစ်သည်ဟု ပြောသည်။

မြောက်ဦးမှာ ကိုးသောင်းဘုရားဆိုတာကလည်း ထင်ရှားတဲ့ သမိုင်းဝင် ဘုရားပုထိုးတစ်ဆူ ဖြစ်တယ်။  ပရဝုဏ်အတွင်းမှာ ကိန်းဝပ်စံပျော်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရောင်တော်ပွင့်စေခြင်း အလို့ငှာလည်းကောင်း၊ ရှေးခေတ်က အနုပညာလက်ရာတွေနဲ့ ထုဆစ်ထားတဲ့ ဗိသုကာလက်ရာတွေကို ပြည်သူပြည်သား၊ ကမ္ဘာသူ၊ ကမ္ဘာသားတွေ လေ့လာနိုင်အောင် အဲလိုမျိုး ရည်ရွယ်ချက်နဲ့ ကျင်းပတာပါဟု ပြောသည်။

အဆိုပါပွဲတော်ကို ကိုးသောင်းပုထိုးတော်ကြီး၏ အရှေ့ဘက်နှင့် တောင်ဘက်တို့တွင် မတ်လ ၁၈ ရက်မှ ၂ဝ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများအဖြစ် နေ့လယ်နေ့ခင်းတွင် ရခိုင်ရိုးရာကျင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီးများအတွက် လွန်ဆွဲပွဲတို့ကို ကျင်းပမည်ဖြစ်ပြီး ညပွဲတွင် အောင်ပွဲစံအမည်ရှိ ဇာတ်သဘင်ဖြင့် ၃ ညတိုင်တိုင် ဖြေဖျော်သွားမည်ဖြစ်သည်။

ကိုးသောင်းပုထိုးတော်ကြီးသည် မြောက်ဦးမြို့၊ ရွာဟောင်းတောကျေးရွာနယ်မြေတွင်တည်ရှိပြီး သက္ကရာဇ် ၉၁၅ ခုနှစ် (AD – 1553) တွင် ရခိုင်ဘုရင် မင်းတိက္ခာက တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါပုထိုးတော်ကြီးသည် နှစ်ကာလကြာမြင့်လာသည့်အခါ ခြုံနွယ်ပိတ်ပေါင်းထူထပ်ပြီး ပြိုပျက်စီးကာ တောင်ကုန်းသဖွယ်ဖြစ်နေ၍ ၁၉၉၆ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနက စတင်တူးဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင်လည်း ပုထိုးတော်ကြီးသည် နှစ်ကာလကြာမြင့်စွာ ထိန်းသိမ်းသူမဲ့ကာ နေခဲ့ရသည်ဟု လက်ရှိဂေါပကအဖွဲ့ဥက္ကဋ္ ဌဦးမောင်ညွန့်က ပြောသည်။

၂ဝ၁၉ ခုနှစ်အရောက်တွင် မြောက်ဦးမြို့နယ်သံဃာ့ဝန်ဆောင်ဥက္ကဋ္ဌဆရာတော်ဖြစ်သည့် ရွှေထီးဆောင်းဆရာတော်က ဦးဆောင်ကာ ပုထိုးတော်ကြီးတည်ရှိရာ ရွာဟောင်းတော ကျေးရွာအုပ်စုအပါအဝင် မြို့ပေါ်ရှိ ရပ်ကွက် ၇ ခုမှ လူဦးရေ ၅ဝ ကျော်ဖြင့် ကိုးသောင်းပုထိုးတော်ကြီး၏ ဂေါပကအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဂေါပကအဖွဲ့ ဖွဲ့စည်းပြီးနောက် ၄ နှစ်အကြာတွင် ပုထိုးတော်ကြီး၏ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုကဲ့သို့ ပထမအကြိမ် ကျင်းပနိုင်ခြင်းဖြစ်သည်။ (NN-21)

ဆက်စပ် သတင်းများ