စနေ၊ အောက်တိုဘာလ ၁၂ရက်၊ ၂၀၂၄

ANP ပါတီ တစ်ပတ်အတွင်း မှတ်ပုံတင်မည်ဟု ပါတီ ဥက္ကဋ္ဌပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

နိရဥ္စရာ၊ မတ် ၂၀ /၂၀၂၃
 
ရခိုင်ပြည်နယ်မှ အင်အားကြီး ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)သည် တစ်ပတ်အတွင်း နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံတင်သွားမည်ဟု ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

နိုင်ငံရေးအရ ဆွေးနွေးမှုတွေ၊ နိုင်ငံရေးအရ ပြောခွင့်ဆိုခွင့်လည်း ရှိဖို့ လိုအပ်တယ်လို့ ယူဆတယ်။  နောက်တစ်ချက်က ရခိုင်ပြည်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်လူမျိုးများ မျိုးနွယ်စုဝင် တိုင်းရင်းသားတွေနဲ့ အနာဂတ်ရခိုင်ပြည်နယ်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံးဆွေးနွေးမှုတွေ၊ ဆက်စပ် ဆောင်ရွက်မှုတွေ၊ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ယုံကြည်တယ်။ အဲဒီအချက်တွေကြောင့် ရခိုင်လူမျိုးတွေနဲ့ ခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ ပါတီတစ်ရပ်အနေနဲ့ ဆက်လက်ရပ်တည်ဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့် အခုလို မှတ်ပုံတင်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်ဟု ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံထဲတွင် ရှိသည့် တခြားညီနောင် အင်အားစုများနှင့်လည်း စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရန်အတွက် အတူ လက်တွဲကာ ဆွေးနွေးလုပ်ဆောင်မှုများကို ဆက်လက်လုပ်ရန် လိုအပ်သဖြင့်  မှတ်ပုံတင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည် ပါတီများအနေဖြင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ပြိုင်မည့် ပါတီများမှာ ရန်ပုံငွေ သိန်း (၁၀၀၀)ရှိရမည်ဖြစ်ကာ တိုင်းနှင့်ပြည်နယ်များတွင် ဝင်ပြိုင်မည့် ပါတီများအနေဖြင့် ရန်ပုံငွေ သိန်း(၁၀၀) ရှိရမည်ဖြစ်ကြောင်း ပါတီမှတ်ပုံတင်းခြင်းဥပဒေသစ်တွင် ဖော်ပြထားသည်။

ရခိုင်အမျိုးသားပါတီ (ANP)မှာ စစ်ကောင်စီထုတ်ပြန်သည့် ဥပဒေများအရ ပြည်ထောင်စုအနေဖြင့် မှတ်ပုံတင်ရန် အခက်အခဲများရှိသည့်အတွက် ပြည်နယ်အဆင့်သာ မှတ်ပုံတင်ခြင်းဖြစ်ကြောင်း ဦးသာထွန်းလှက ဆက်ပြောသည်။

တစ်ဘက်တွင်လည်း ပါတီရပ်တည်ရေးအတွက် မှတ်ပုံတင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ရန် ရှိ/မရှိကို ပါတီတွင် ဆွေးနွေးမှုများ မလုပ်ရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ကျနော်တို့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ တွက် မှတ်ပုံတင်တာမဟုတ်ပါဘူး။ ကျနော်တို့ ရခိုင်အမျိုးသားပါတီမှာ ရွေးကောက်ပွဲဝင်ဖို့/မဝင်ဖို့ကို တစ်စုံတစ်ရာ ဆွေးနွေးထားတာမရှိပါဘူး။ ကျနော်တို့ ရခိုင်အမျိုးသားရေးအတွက် လိုအပ်တာကြောင့် ရှင်းရှင်းလင်းလင်း မှတ်ပုံတင်တာသာ ဖြစ်ပါတယ်ဟု ပြောသည်။

လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)ထံတွင် ရခိုင်မှ မှတ်ပုံတင်ထားသော ပါတီများမှာ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆေင်ပါတီ (AFP)၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီနှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အနေဖြင့် စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် ရွေးကောက်ပွဲဥပဒေနှင့် ပတ်သက်ပြီး အယုံအကြည်မရှိ၍ ပါတီအားလည်း မှတ်ပုံတင်ရန် မရှိကြောင်း ပြောဆိုထားသည်။

အလားတူ ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက်ပါတီအနေဖြင့် မှတ်ပုံတင်ရန် ငွေကြေးအခက်အခဲရှိသည့်အတွက် မှတ်ပုံတင်သွားမည်မဟုတ်ကြောင်း သိရသည်။  

စစ်ကောင်စီထံတွင် မတ်လ (၁၄)ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ၂၅ အရ လျှောက်ထားသော ပါတီ ၁၇ ပါတီဖြစ်ပြီး စုစုပေါင်း ၂၃ ပါတီရှိသည်ဟု သိရသည်။

ယင်း ၂၃ ပါတီတွင်လည်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၁၈ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်ဆောင်လျက်ရှိကြောင်း စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နိုင်ငံရေးပါတီ မှတ်ပုံတင်ရေးဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

ရက်ပေါင်း ၆၀ အတွင်း ပါတီများ မှတ်ပုံတင်ကြရန်နှင့် သတ်မှတ်ကာလအတွင်း မှတ်ပုံမတင်သည့်ပါတီများသည် အလိုအလျောက် ဖျက်သိမ်းပြီးသားဖြစ်သွားမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ (NN-18)

ဆက်စပ် သတင်းများ