ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

၁ လခန့်ကြာ ငါးဖမ်းခွင့်မရခဲ့သည့် ကျောက်ဖြူမှ ရေလုပ်သားများ ငါးဖမ်းခွင့်ပြန်လည်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.3k

နိရဉ္စရာ၊ မတ် ၂၀ / ၂၀၂၃

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရေတပ်သို့ လျှပ်စစ်မီးကြိုးများ သွယ်တန်းနေသည့်အတွက် ၁ လခန့် ငါးဖမ်းခွင့် တားဖြစ်ခံခဲ့သော သစ်ပုတ်တောင် ကျေးရွာသားများမှာ ယမန်နေ့ကပြန်လည် ငါးဖမ်းခွင့်ရရှိခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

စစ်ကောင်စီတပ်သားများသည် မဒေးကျွန်းမှတဆင့် ချီကျန်းမြစ်ကိုဖြတ်ကာ အုန်းကျွန်းတွင်ရှိသော ရေတပ်သို့ လျှပ်စစ်မီးကြိုးများသွယ်တန်းနေသည့်အတွက် သစ်ပုတ်တောင်ကျေးရွာသားများမှာ ငါးဖမ်းခွင့်ကို ရပ်နားခဲ့ရသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်ခဲ့ကြရသည်။

ဒေသခံငါးဖမ်းသမားတစ်ဦးက မနေ့က မီးကြိုးတွေ သယ်နေတဲ့ သင်္ဘောကနေပြီးတော့ ကျနော်တို့ကို ဖုန်းဆက်လာတယ်။ ငါးဖမ်းခွင့်ရပြီဆိုပြီးတော့ပေါ့။ အခုလိုမျိုး ငါဖမ်းခွင့် ပြန်လည်ရရှိတဲ့အတွက် ကျနော်တို့ ဝမ်းသာပါတယ်။ ကျနော်တို့မှာက လုပ်စားစရာဆိုလို့ ဒီတစ်ခုပဲရှိတာကို။ မိမိအလုပ်ကို မိမိတို့ ပြန်လည်လုပ်ကိုင်ခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီတပ်၏ တာဝန်ရှိသူများက သစ်ပုတ်တောင်ကျေးရွာသို့ ဝင်ရောက်လာပြီး အုန်းကျွန်းတွင်ရှိသော ရေတပ်သို့ လျှပ်မီးကြိုးများ သွယ်တန်းနေသည့်အတွက် တစ်လခန့်ငါးမဖမ်းရန် တားမြစ်ခဲ့သည်ဟု ရွာသားများက ဆိုသည်။

သစ်ပုတ်တောင်ကျေးရွာများသည် ချီကျန်းမြစ်အတွင်း ကျားပိုက်ချကာ ငါးဖမ်းခြင်းဖြင့် အသက်မွေးမြူးကြပြီး ငါးဖမ်းသည့်လုပ်ငန်းမှ လူတစ်ဦး၏ တစ်လအတွင်းဝင်ငွေမှာ  မြန်မာကျပ်ငွေ ၄ သိန်းနှင့် ၅ သိန်းကြားတွင် ရရှိသည်ဟုဆိုသည်။

အဆိုကျေးရွာသည် ဓညဝတီရေတပ်စခန်းအနီး၌ တည်ရှိပြီး၊ အိမ်ခြေ ၁၅၀ ခန့်ရှိပြီး၊ လူဦးရေ ၆၅၀ ခန့် နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ (NN-21)

ဆက်စပ် သတင်းများ