Preview

စစ်တွေ ရှုခင်းသာကမ်းနားလမ်း ပျံကျဈေးဆိုင်သည်များအတွက် ခရိုင်လ၀ကရုံးနောက်ဘက်ကို ဈေးရောင်းချရန် နေရာသတ်မှတ်ပေး

မတ် ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :8888
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၂၄/၂၀၂၃

၇ခိုင်ပြည်နယ်၊စစ်တွေမြို့၊ စစ်တွေရှုခင်းသာကမ်းနားလမ်းတစ်လျှောက်တွင်ရောင်းချနေကြသော ပျံကျဈေးဆိုင်သည်များအတွက် ဈေးဆိုင်ရောင်းချရန် မြို့နယ်စည်ပင်ကနေရာ သတ်မှတ်ပေးထားသည်ဟုသိ၇သည်။

 

သတ်မှတ်ပေးထားသည့်နေရာမှာစစ်တွေကမ်းနားလမ်း၊ ပြည်တော်သာရပ်ကွက်၊ ခရိုင်လ၀ကရုံး အနောက်ဘက်ရှိ အရှည် ပေ ၅၀၀ခန့်ရှိသော နေရာဖြစ်သည်။

 

ပျံကျဈေးဆိုင်သည်များသည် စစ်တွေ ရှုခင်းသာကမ်းနားလမ်း၏ပလက်ဖောင်းပေါ်တွင် နေရာယူကာ ဈေးဆိုင်များ ခင်းကျင်း ရောင်းချနေကြပြီးထိုသို့ရောင်းချနေမှုမှာ လမ်းသွားလမ်းလာ သူများအတွက် အဆင်မပြေဖြစ်ခြင်း၊ မြို့တော်အင်္ဂါရပ်နှင့်မကိုက်ညီခြင်းတို့ကြောင့်ယခုကဲ့သို့ နေရာသတ်မှတ်ပေးခြင်း ဖြစ်သည်ဟု စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

"စစ်တွေမြို့ကို လူကြီးခရီးစဉ်တွေရှိရင်သူတို့ကိုဖယ်ရှားခိုင်း၇တာနဲ့ တော်တော်အလုပ်ဝင်ပါတယ်။ ဒီအလုပ်ကလည်းသူတို့ဝမ်းရေးအလုပ်ဆိုတာကို နားလည်တယ်။ ဒါကြောင့် အဘက်ဘက်ကအဆင်ပြေအောင် သူတို့အတွက် ဈေးရောင်းဖို့ နေရာသတ်မှတ်ပေးတာဖြစ်ပါတယ်"ဟု ပြောသည်။

လက်ရှိတွင် သတ်မှတ်ပေးထားသည့်နေရာ၌သစ်ပင်၊ ခြုံနွယ်များကို ခုတ်ထွင်းရှင်းလင်းထားပြီးမြေနိမ့်သည့်နေရာများတွင် မြေများဖို့ကာ သပ်သပ်ရပ်ရပ်ပြုလုပ်ပေးသွားမည်ဟုဆိုသည်။

ရောင်းချလိုသည့်ပျံကျဈေးဆိုင်သည်များ၏ အမည်စာရင်းများကိုလည်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ကောက်ယူထားသည်ဟုလည်း သိ၇သည်။

ရှုခင်းသာကမ်းနားလမ်းတွင် ဈေးဆိုင်ရောင်းချနေသူတစ်ဦးက"ကျွန်တော်က အရင်က အာရီယာန်ဆိုင်ဘက်မှာ ရောင်းနေတာ။ အဲ့ဒါ စည်ပင်က ခဏခဏလာရှင်းလို့ ဟိုဘက်ပြောင်းလိုက်၊ဒီဘက်ပြောင်းလိုက်နဲ့ ပြောင်းနေ၇လို့ ဒီနေရာလုပ်ပေးထားတဲ့နေရာကိုပြောင်းလာလိုက်တာ။ ဒီနေရာကိုပြောင်းလိုက်တဲ့နေ့က လူကြီးတွေရှိတယ်။ သူတို့က ကိုယ်ရောင်းချင်သလောက်နေရာကိုအတည်တကျယူထားပေါ့။ ဒါပေမဲ့ လမ်းပေါ်တော့ တက်မရောင်းနဲ့လို့ပြောတယ်"ဟု ပြောသည်။

ရှုခင်းသာလမ်းတစ်လျှောက်တွင်ရောင်းချနေကြသည့်ဈေးဆိုင်များမှာ အသုပ်စုံဆိုင်၊ အကင်ဆိုင်၊ အအေးဆိုင်၊ ထမင်းနှင့်တခြားစားသောက်ကုန်ဆိုင်များစသည့် ဆိုင်ပေါင်း ၃၀ ခန့်ရှိသည်ဟုလည်းသိ၇သည်။

အဆိုပါဆိုင်များအတွက် နေရာတစ်ခုသတ်မှတ်ပေးခြင်းမှာကောင်းသောလုပ်ရပ်တစ်ခုဖြစ်ပြီး ဈေးဆိုင်သည်များအနေဖြင့်လည်းအမှိုက်ပြဿနာကို စနစ်တကျကိုင်တွယ်နိုင်ရန်လိုအပ်လှသည်ဟု ၎င်းလမ်းတွင် ဈေးဆိုင်ရောင်းချနေသူအမျိုးသမီးတစ်ဦးကပြောသည်။

"စစ်တွေမှာကညဈေးတန်းကလည်းမရှိဆိုတော့ရှုခင်းသာ လမ်းကဈေးရောင်းချတဲ့နေရာဟာဈေးသက်သက်သာသာနဲ့ စားသောက်လို့ရတဲ့နေရာတစ်ခုဖြစ်လာတာပေါ့။ ဒီလိုနေရာ သတ်မှတ်ပေးလိုက်လို့ ဈေးရောင်းချကြပြီဆိုရင်ဈေးသည်တွေ အနေနဲ့ကလည်း ကိုယ့်ဆိုင်က ထွက်လာတဲ့အမှိုက်တွေကိုနည်းစနစ်ကျကျတာဝန်ယူဖြေရှင်းဖို့လိုတယ်။ မဟုတ်ရင်တော့စည်ပင်နဲ့ခဏခဏစကားပြောနေ၇ဦးမှာပါပဲ" ဟု ၎င်းကပြောသည်။

ဈေးဆိုင်သည်များအနေဖြင့်ဈေးရောင်းချပြီးလျှင် သန့်ရှင်းရေးပြန်လည်ပြုလုပ်ပေးသည့် စနစ်မှာအားနည်းလျက်ရှိပြီးစားသုံးသူများအနေဖြင့်လည်း စည်းကမ်းရှိရန်လိုအပ်လှသလို သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ထိရောက်စွာ အရေးယူရန်လိုအပ်လှသည်ဟု ကမ်းနားလမ်းတွင်လာရောက်အပန်းဖြေသူများက ပြောသည်။

စစ်တွေရှုခင်းသာ ကမ်းနားလမ်းတွင် ညနေ၄ နာရီမှစတင်ကာ ည ၉ နာရီအချိန်ထိ ဈေးဆိုင်ရောင်းချလျက်ရှိပြီး ကမ်းနားလမ်းသို့လာရောက်အပန်းဖြေလည်ပတ်စားသောက်သူများနှင့် စည်ကားလေ့ရှိသည်။ (NN-12)

(ဓာတ်ပုံ -စစ်တွေကမ်းနားလမ်းရှိ ပျံကျဈေးဆိုင်သည်များအတွက် ဈေးရောင်းချရန် သတ်မှတ်နေရာအားတွေ့၇စဉ်)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.