သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှ အနည်းဆုံးတိုက်နယ်ဆေးရုံ ၅ ခုတွင် ဆရာဝန်များလစ်လပ်နေ၍ ဒေသခံများကျန်းမာရေးစောင့်ရှောက်မှုမရဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

နိရဥ္စရာ၊ မတ် ၂/၂၀၂၃

ရခိုင်ပြည်နယ်၊ မြို့နယ်များရှိ အနည်းဆုံး တိုက်နယ်ဆေးရုံ (၅) ခုတွင် ဆရာဝန်လစ်လပ်နေည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်၍  ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု မရဖြစ်နေသဖြင့်  ဆရာဝန်များကို အမြန်ဆုံး တာဝန်ချထားပေးရန် ဒေသခံများက တောင်းဆိုနေကြကြောင်း သိရသည်။

တိုက်နယ်ဆရာဝန်မရှိသည့်ဆေးရုံများအထဲတွင် လက်ရှိကောက်ယူရရှိထားသော စာရင်းအရ  မြောက်ဦးမြို့နယ် ပျားတဲကျေးရွာ၊ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာ၊ ရမ်းဗြဲမြို့နယ် ကုန်ဘောင်ကျေးရွာ၊ အမ်းမြို့နယ် ရူးတိုက်နယ်ဆေးရုံနှင့် စစ်တွေမြို့နယ် ဝါဘိုကျေးရွာတို့ဖြစ်သည်။

မြောက်ဦးမြို့နယ်၊ ပျားတဲကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၂ နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသဖြစ်သဖြင့် ဆေးကုသမှုခံယူရာတွင် အခက်အခဲများရှိနေကြောင်း ပျားတဲကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

"ဆရာဝန်မရှိတော့ အရေးပေါ်လူနာတွေကိုဆိုရင် ဒီနေရာမှာကုလို့မရဘူး။ မြောက်ဦးဆေးရုံကိုသွားရတဲ့ အခြေအနေရှိပါတယ်။ ဆရာဝန်ပြောင်းသွားပြီးကတည်းနောက်ထပ်မရောက်တော့ဘူး။ ဒနေရာတွေက ကုန်းလမ်းမပေါက်ဘူး။ ရေကြောင်းခရီးဆိုတော့ သွားလာဖို့မလွယ်ဘူ။ ဒါကြောင့်လည်း သိပ်မလာချင်ကြဘူး။ ဆရာဝန်ချပေးဖို့လည်း တောင်းဆိုချင်ပါတယ်" ဟုပြောသည်။

လက်ရှိတွင် အဆိုပါဆေးရုံ၌ သူနာပြု ၃ ဦးသာရှိသည်ဟုလည်း သိရသည်။

အလားတူ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း၊ ဦးဂါကျေးရွာရှိ တိုက်နယ်ဆေးရုံတွင်လည်း  ဆရာဝန်မရှိသည်မှာ (၂)နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်ပြီး အခြားမြို့များသို့ သွားရောက် ဆေးကုသနေရသဖြင့် ဒေသခံများမှာ အစစအရာရာအခက်အခဲဖြစ်နေကြောင်း ဦးဂါကျေးရွာဒေသခံ လူငယ်တစ်ဦးက ပြောသည်။

"ဒီဆေးရုံမှာဆရာဝန်မရှိတော့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးကိစ္စတွေမှာအခက်အခဲဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေးကအစ ရေပတ်ပတ်လည်ဝိုင်းထားတဲ့နေရာ၊ အခြားနေရာကို သွားရတဲ့လမ်းခရီးမှာလည်း မြစ်ကိုဖြတ်ပြီးသွားရတာတွေရှိတော့ အန္တရာယ်တွေအများကြီးရှိတယ်။ လမ်းခရီးမှာ အသက်ဆုံးရှုံးသွားတဲ့လူနာတွေလည်းရှိတယ်။ စစ်တွေကိုသွားပြီး ကုရတယ်။ စစ်တွေကို ကားတစ်တန်၊ ရေတစ်တန်နဲ့သွားနေရတော့ လမ်းစရိတ်ကတစ်ဖုံ အစစအရာရာ အခက်အခဲတွေ ရှိပါတယ်" ဟုပြောသည်။

အဆိုပါဆေးရုံကို ရွာပေါင်း ၃ဝ ခန့်အားကိုးနေရပြီး ဆေးရုံစတင်ဖွင့်လှစ်သည့် ၂၀၂၀ ပြည့်နှစ်မှစ၍ သူနာပြုများနှင့်သာ ဆေးရုံကို လည်ပတ်နေရခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

လက်ရှိတွင် ဆေးရုံ၌ အထက်တန်းသူနာပြုတစ်ဦးတည်းသာရှိသည်ဟုလည်း ပြောသည်။

ယင်းအနီးဝန်းကျင်ရှိ ကူတောင်တိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန်ပြောင်းရွေ့သွားပြီးနောက် ဆရာဝန်အသစ် ထပ်မရောက်လာသည်မှာ ၃ လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်ကျေးရွာရှိ ကုန်ဘောင်တိုက်နယ်ဆေးရုံတွင်လည် တာဝန်ကျဆရာဝန်မရှိသည်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံများမှာ ကျေးရွာကျန်းမာရေး စင်တာကိုသာ အားထားနေရကြောင်း ကုန်ဘောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

"ဆရာဝန်တစ်ယောက်ရှိရင်တော့ ပိုပြီးလုံခြုံမယ်။ အရေးပေါ်ကိစ္စတစ်ခုခုဖြစ်ရင်လည်း ဆရာဝန်တစ်ယောက်ရှိတယ်ဆိုရင်တော့ ကျန်းမာရေးကပိုပြီးစိတ်ချရမယ်" ဟုပြောသည်။

အမ်းမြို့နယ် ရူးတိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန်မရှိသည်မှာ ၄ လကျော်ရှိပြီဖြစ်၍ ယင်းဆေးရုံကိုအားထားနေရသည့် ကျေးရွာပေါင်း ၁၀ ကျော်မှဒေသခံများသည် ဆေးကုသရေးအခက်ခဲဖြစ်နေကြသည်ဟု သိရသည်။

အဆိုပါတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည့်အတွက် ဒေသခံများမှာ ကုန်းလမ်းနှင့်ရေလမ်းမှတဆင့် အနည်းဆုံး ၂ နာရီကျော်သွားလာရသည့် အမ်းမြို့ပေါ်ထိ ဆေးကုသရန် သွားရောက်နေရသည့် အတွက်  အသွားအလာကားခများအပိုကုန်ကျနေရပြီး ငွေကြေးချို့တဲ့သူများမှာ အခက်အခဲ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါရူးတိုက်နယ်ဆေးရုံကို ရူးကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်လောက်မှ အားထားနေရသည့် ဆေးရုံတစ်ခု ဖြစ်သည်ဟုသိရသည်။

ရူးတိုက်နယ်ဆေးရုံသည် အမ်းမြို့နယ်တွင် တည်ရှိသော်လည်း မြေပုံမြို့နယ်မှ ရေကောင်းချိန်ကျေးရွာ၊ ပေါက်တူးတောင်၊ တပ်ရပ်ကျေးရွာတို့နှင့် နီးကပ်စွာ တည်ရှိနေသည့်အတွက် ဒေသခံများ ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်ရန်အတွက် ရေရှည်တာဝန်ထမ်းဆောင်မည့် ဆရာဝန်တစ်ဦး ခန့်ထားပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် ၁၀ နှစ်အကြာ ၂၀၁၃ ခုနှစ်တွင် ရူးတိုက်နယ်ဆေးရုံကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာဝန် ၄ ဦးအထိ တာဝန်ကျ ကုသပေးခဲ့သော်လည်း လက်ရှိတွင် ဆေးကုသပေးမည့် ဆရာဝန်တစ်ဦးမျှ မရှိကြောင်း ဒေသခံများက ပြောသည်။

အလားတူ ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့အနီးတွင်ရှိသည့် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာရှိ ဝါဘိုတိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန်မရှိသည်မှာ ၄ နှစ်ကျော်ခန့်ကြာမြင့်နေပြီဖြစ်ကာ ဆရာဝန်များချထားပေးရန် ဒေသခံများက လိုလားနေကြသည်။

ရခိုင်ရှိတိုက်နယ်ဆေးရုံများတွင် ဆရာဝန်ခန့်အပ်မှုများလိုအပ်နေသလို ဆေးဝါးပစ္စည်း အထောက်အပံ့များလည်း လိုအပ်နေကြောင်းဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရသေးပါ။ (NN-8)

ဆက်စပ် သတင်းများ