တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 10.1k

နိရဥ္စရာ၊ မတ် ၂/ ၂၀၂၃

ရခိုင်တွင် နာမည်အကြီးဆုံးစာပေဆုပေးပွဲတစ်ခုဖြစ်သည့် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို ယမန်နေ့ညတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သိရသည်။

နဝမအကြိမ်မြောက်ကျင်းပသည့်အဆိုပါစာပေဆုချီးမြှင့်ပွဲကို တန်းခိုးဆရာထွန်း၏ ဇာတိကျေးရွာဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာရှိ ရွာလယ်ကွင်းပြင်၌ မတ်လ ၂၅ ရက်၊ ညနေ ၇ နာရီမှစတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းစာပေဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုကို ဆရာကြီး ဦးမောင်ဗသိန်း၊ ဂီတစာဆိုဆုကို ဆရာ ကိုလွမ်းဝေ(သံတွဲ)၊ ကဗျာဆုကို ဆရာတော်အရှင် မိုးပြို(မင်းပြား)၊ ဝတ္ထုဆုကို ဆရာမ မြင့်သုမိုး၊ ဆောင်းပါးဆုကို ဆရာဇော်လွင်ဦး(ဟင်္သတ)နှင့် ကလေးကဗျာဆု(အချေကဗျာဆု) ဆရာ ဖြူဖွေး(နောင်မင်းမြေ)တို့ကို အသီးသီးချီးမြှင့်ပေးခဲ့သည်။

တန်းခိုးဆရာထွန်းစာပေဆုရွေးချယ်ချီးမြှင့်ရေးကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ဆရာလွမ်းပြေအောင်(စစ်တွေ)က "ဒီတန်းခိုးဆရာထွန်းစာပေဆုမှာက တစ်သက်တာစာပေဆုနဲ့ ဂီတတစာဆိုဆုကို ကျွန်တော်တို့က ပေးသင့်ပေးထိုက်တဲ့သူတွေကို ရွေးချယ်ပြီးပေးတာဖြစ်ပါတယ်။ ကျန်တဲ့ ဆောင်းပါးဆု၊ ကဗျာဆု၊ ဝတ္ထုဆုတွေကတော့ ကျွန်တော်တို့ တန်းခိုးဆရာထွန်းစာပေဆုပြိုင်ပွဲ ကျင်းပရေးကော်မတီက ချမှတ်ပေးထားတဲ့ ခေါင်းစဉ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်လာကြတဲ့ စာမူတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့အညီ ဆုချီးမြှင့်ရေးကော်မတီက စိစစ်ရွေးချယ်ပြီးတော့ ထိုက်သင့်တဲ့ ဆုကြေးတွေနဲ့ စာမူရှင်တွေကိုရွေးချယ်ပြီးချီးမြှင့်ပေးတာပါ"ဟု ပြောသည်။

တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲတွင် အမြင့်ဆုံးဆုဖြစ်သည့် တသက်တာစာပေဆုကို ဆုကြေးငွေ ကျပ် ၈ သိန်း၊ ဂီတစာဆိုဆုတို့ကို ကျပ် ၆ သိန်း၊ ဝတ္တုဆု၊ ဆောင်းပါးဆု၊ ကဗျာဆုနှင့် ကလေးကဗျာဆု(အချေကဗျာဆု)ကို ကျပ် ၅ သိန်းစီအသီးသီးချီးမြှင့်ခဲ့ကြသည်။

တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲ၌ ဝတ္ထုဆုကိုရရှိခဲ့သည့် ကျောက်တော်မြို့မှ ဆရာမမြင့်သုမိုးက "ကျွန်မက ဒီပွဲမပြိုင်မလာခင်ကနေ ရခိုင်စာပေဖောင်ဒေးရှင်းအတွက် ဝတ္ထု ၅ ပုဒ်ရေးပြီးလို့ ပင်ပန်းနေတဲ့အချိန်ပါ။ ဒါပေမဲ့ ပြိုင်ရမယ့်ခေါင်းစဉ်က "စီးနေဦးမည့် ကစ္ဆပနဒီ" ဆိုတဲ့ခေါင်းစဉ်ဖြစ်နေတဲ့အခါ သဘောကျလို့ဝင်ပြိုင်ဖြစ်တာပါ။ ကျွန်မကိုလည်း အဲ့ဒီမြစ်ကမ်းနံဘေးမှာ မွေးခဲ့တာဆိုတော့ ငယ်ငယ်ကနေချစ်ခဲ့ရတဲ့ မြစ်တစ်မြစ်လည်းဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးသားပြီး ဝင်ပြိုင်ခဲ့လို့ ဆုရတဲ့အတွက်ဝမ်းသာရပါတယ်" ဟု ပြောသည်။

အလားတူ ကဗျာဆုကိုရရှိခဲ့သည့် ဆရာ မိုးပြို(မင်းပြား)ကလည်း ကဗျာခေါင်းစဉ်ကို သဘောကျ၍ ဝင်ပြိုင်ရာမှ ဆုရရှိသည့်အတွက် ဝမ်းသာမိသည်ဟု ပြောသည်။

"တန်းခိုးဆရာထွန်းဆိုတာ ရခိုင်စာပေလောကမှာ နာမည်ကြီးတဲ့ ဆရာတစ်ဆူဖြစ်တယ်။ လက်ရေးမူနဲ့ တောင်မှ စာအုပ် ၆၀ လောက်အထိ ရေးဖူးခဲ့တယ်လို့သိရတယ်။ အဲ့ဒါကိုဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ ရခိုင်ဒေသမှာ စာပေဆုတစ်ခုရှိသင့်တယ်လို့ ပွဲကျင်းပရေးကော်မတီတွေက သူတို့အမြင်နဲ့ တန်းခိုးဆရာထွန်းစာပေဆုတစ်ခု လုပ်ထားတာဖြစ်တယ်။ အဲ့ဒီလိုလုပ်ထားလို့ ရခိုင်ဒေသက ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးတွေအများကြီး ထွက်လာတာလည်းမြင်ရတယ်။ စာပေဆုပေးပွဲကလည်း ဒီနေ့ထိရှင်သန်နေတယ်။ နောက်လည်း အများကြီးရှင်သန်ဦးမယ်လို့လည်းထင်တယ်။ ရခိုင်မှာ ဒီလို စာပေဆုပေးပွဲတွေရှိတာ အရမ်းအားရတယ်" ဟု ပြောသည်။

ယခုနှစ်အတွက် တန်းခိုးဆရာထွန်းစာပေဆုပြိုင်ပွဲအတွက် ကဗျာပုဒ်ရေ ၂၂ ပုဒ်၊ ဆောင်းပါး ၁၈ ပုဒ်နှင့် ဝတ္ထု ၁၆ ပုဒ်အထိ စာမူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းအထဲမှ စာမူများကို ကော်မတီဝင်များက စိစစ်ရွေးချယ်ကာ သတ်မှတ်စံချိန်စံနှုန်းများဖြင့် အရည်အသွေးပြည့်မီသည့်စာမူများကိုသာ ရွေးချယ်ဆုချီးမြှင့်ခြင်းဖြစ်သည်ဟု ဆုရွေးချယ်ရေးကော်မတီက ဆိုသည်။

တန်းခိုးဆရာထွန်းဆိုသူသည် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာဇာတိဖြစ်ပြီး ကိုလိုနီခေတ်တွင် ရခိုင်လူမျိုးများထဲမှ ထင်ရှားကျော်ကြားခဲ့သည့် ရခိုင်ဂန္ထဝင် တေးရေးနှင့် စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်သည်။

ဆရာကြီးသည် အသက် ၇ဝ ခန့်တွင် ကွယ်လွန်သွားခဲ့သည်။

တန်းခိုးဆရာထွန်းအား ဂုဏ်ပြုခြင်း၊ ရခိုင်ပြည်အပြင် ဒေသအသီးသီးမှထူးချွန်ထက်မြက်သည့် စာရေးဆရာများပေါ်ထွန်းလာရေး၊ ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးဘာသာသာသနာကို မြှင့်တင်လို့သည့်ရည်ရွယ်ချက်ဖြင့် ယခုဆုပေးပွဲကိုကျင်းပရခြင်းဖြစ်သည်ဟုလည်း စာပေဆု ရွေးချယ်ချီးမြှင့်ရေးကော်မတီက ပြောသည်။

အဆိုပါဆုပေးပွဲကို ၂ဝ၁၁ ခုနှစ်မှစ၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ကြားထဲတွင် စစ်ရေး၊ နိုင်ငံရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

ယခုကျင်းပသည့် ဆုပေးပွဲမှာ ၉ ကြိမ်မြောက်ဖြစ်ပြီး ဆုချီးမြှင့်ပွဲသို့ ရခိုင်တစ်ပြည်နယ်လုံးမှ စာပေချစ်ပရိသတ်များ၊ စာရေးဆရာများနှင့် အနီးအနားကျေးရွာအပါအဝင် တန်းခိုးကျေးရွာမှ ရွာသူရွာသားများကလည်း တက်ရောက်အားပေးခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကကျင်းပခဲ့သည့် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲတွင်လည်း တစ်သက်တာ စာပေဆုကို ရခိုင့်ဝါရင့်စာရေးဆရာကြီး ဖိုးကျော့အားလည်းကောင်း၊ ဂီတစာဆိုဆုကို ဦးထွန်းလှိုင်အားလည်းကောင်း၊ ဝတ္ထုဆုကို စာရေးဆရာမ မေလှိုင်းဖြူ(သံတွဲ)အားလည်းကောင်း၊ ဆောင်းပါးဆုကို ဇော်လွင်ဦး(ဟင်္သတ) အားလည်းကောင်း၊ ကလေးကဗျာဆုကို စျာန်ဟိန်း (မြောင်းဘွေ)အားလည်းကောင်း၊ ကဗျာဆုကို ဦးမောင်ကြီး(ဖွံ့ဖြိုးရေးသိပ္ပံ)လည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။ (NN-12)

ဓာတ်ပုံ - ယခုနှစ် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲအခမ်းအနားမြင်ကွင်း။

 

ဆက်စပ် သတင်းများ