တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် လူငယ်များအကြား စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲမှု ပိုများပြားလာဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.6k

နိရဉ္စရာ၊ မတ်၂၆/၂၀၂၃

 

လက်ရှိအတိုင်းအတာအရ ရခိုင်ပြည်နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (WY) များကို အလွယ်တကူ ရောင်းဝယ်ဖောက်ကားမှုများ ရှိနေပြီး လူငယ်များအကြားတွင်လည်း သုံးစွဲမှု တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာနေကြောင်း ဒေသခံများ၏ လေ့လာပြောဆိုမှု အရသိရသည်။

 

ရခိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြား (ခေါ် ) ဒေသအခေါ် အစိချေကို ယခင်စစ်အာဏာမသိမ်းမီအချိန်ထိ ဆေးပြားတစ်ပြားကို ကျပ်တစ်ထောင်နှုန်းရှိခဲ့ရာမှ ယခုအချိန်တွင် ကျပ်ငါးရာဝန်းကျင်သာရှိနေပြီ ဖောဖောသီသီ အလွယ်တကူဝယ်ယူရရှိနေသဖြင့် သုံးစွဲသူပိုများလာသည်ဟု  မူးယစ်ဆေးဝါး သုံးစွဲခဲ့ဖူးသည့်လူငယ်တစ်ဦးက ပြောသည်။

 

"အခုက ဖောဖောသီသီရနေတာ။ အခုချိန်မှာတော့ အသက် ၁၅၊ ၁၆ ပိုင်းတွေက ပိုသုံးလာကြတယ်။ အသက်ကြီးလာရင် အဲဒါတွေကကျန်းမာရေးအတွက် အဆင်မပြေဘူး။ ကျနော့်အနေနဲ့ဆိုရင်လည်း နောင်တရစရာကိစ္စတွေရှိခဲ့တယ်။ ဒါသုံးခဲ့လို့ရှေ့ဆက်မယ့် လမ်းကြောင်းတွေ ပျောက်သွားတာလည်း ရှိခဲ့တယ်" ဟုပြောသည်။

 

ရခိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးရာတွင်လည်း လုပ်ကိုင်သူ လက်အောက်ငယ်သားများ၊ တစ်ပိုင်တစ်နိုင်ရောင်းချသူများ၊ သယ်ယူသူများကိုသာ ဖမ်းဆီးပြီး တကယ့်ဒိုင်ကြီးများကို ဖမ်းဆီးခြင်းမရှိရာမှ စိတ်ကြွဆေးပြားရောင်းဝယ်ဖောက်ကားမှု လက်ရှိအချိန်ထိ တွင်ကျယ် နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

 

ရောင်းတဲ့လူတွေက အရင်ကလူတွေပဲ။ အဖမ်းခံရတဲ့အထဲမှာလည်း အဓိကလုပ်နေတဲ့ ခေါင်းဆောင်တွေမပါဘူး။ လက်အောက်ငယ်သားတွေလောက်ပဲ အဖမ်းခံရတာတွေရှိတယ်။ အဖမ်းခံရလည်း ဘယ်လောက်မှမကြာပြန်လွတ်လာကြရင် အဲဒီလူတွေပဲ ထပ်လုပ်ကြတာ။ ဒီလိုမျိုးဆိုတော့ ဒီစျေးကွက်က အခုအချိန် လည်ပတ်နေတုန်းပါပဲဟု ပြောသည်။

 

သက်ဆိုင်ရာမှ ထိန်းချုပ်ဖမ်းဆီးမှုမှာလည်း တစ်နေ့ထက် တစ်နေ့ အားနည်းသဖြင့် ဒေသအတွင်းတွင် WY ဆေးပြားများကို လွယ်လွယ်ကူကူဝယ်ယူလို့ရရှိနိုင်ကာ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲသည့် လူငယ်များပြားလာနေကြောင်း၊ အကျိုးအဆက်အနေဖြင့် ရခိုင်တွင် ခိုးဆိုးလုယက်မှုများ တစ်နေ့ထက် တစ်နေ့  ပိုမိုများပြားလာနေကြောင်း  မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် နီးစပ်သူများကလည်း အတည်ပြု ပြောဆိုကြသည်။

 

ရခိုင်တွင် မူးယစ်ဆေးဝါးဆေးပြားများ စျေးနှုန်းကျဆင်းပြီး အလွယ်တကူရောင်းချလာနေခြင်းမှာ သက်ဆိုင်ရာအစိုးရမှ စနစ်တကျထိန်းသိမ်းဖမ်းဆီးခြင်းမရှိဘဲ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် နေရာများမှတဆင့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အများအပြားကို ဖြတ်ကျော်ကာ ရခိုင်ပြည်အတွင်းသို့ အလွယ်တကူဝင်ရောက်လာ၍ဖြစ်သည်ဟုလည်း ဒေသခံများက ဝေဖန်သုံးသပ်မှုများရှိသည်။

 

ထို့အပြင် ရခိုင်ပြည်နယ်တွင် အခြားမြို့နယ်များထက် ပြည်နယ်မြို့တော် စစ်တွေမြို့တွင် မူးယစ်ဆေးဝါး ရောင်းချမှု၊ သုံးစွဲမှုမှာပိုမိုများပြားလျက်ရှိပြီး စစ်တွေမြို့ရှိ လူသူကင်းရှင်းသည့်နေရာများတွင် နေ့ခင်းကြောင်တောင်ပင် မူးယစ်ဆေးဝါးသုံးစွဲနေသူများရှိနေကြောင်း ဒေသခံများကပြောသည်။

 

ရခိုင်တွင် ယခုကဲ့သို့ မူးယစ်ဆေးဝါးဆေးပြားများကို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး သုံးစွဲသူ များပြားလာခြင်းကို သေချာထိန်းချုပ်ရန်လိုအပ်သည်ဟု စစ်တွေမြို့ဒေသခံ လူငယ်အမျိုးသမီး တစ်ဦးကပြောသည်။

 

"အတိုင်းအတာတစ်ခုအထိ သုံးစွဲသူပိုများလာတာမြင်ရတယ်။ နောက်ပြီး ပေါပေါလောလော ဝယ်ယူလို့ရတဲ့အနေအထားမျိုးမြင်ရတယ်။ ဒီလိုမျိုးဆေးစွဲပြီး ဘဝပျက်သွားတာတွေမြင်ရတယ်။ အခုဆိုရင် ဆယ်ကျော်သက်ကလေးတွေ ပိုသုံးစွဲလာတာမျိုးမြင်မိတယ်။ အဓိကကတော့ သေချာမထိန်းချုပ်နိုင်လို့ ဒီလိုမျိုးအတိုင်းအတာအထိရောက်လာတာလို့ မြင်တယ်။ မူးယစ်ဆေးဝါးကို မူးယစ်ဥပဒေအတိုင်းသေချာ လိုက်နာထိန်းသိမ်းဖို့လိုတယ်။ ဒီလိုလုပ်နိုင်ရင်တော့ အတိုင်းအတာ တစ်ခုအထိလျော့ကျသွားမယ်လို့မြင်တယ်။ အခုဆိုရင် ခိုးဆိုးလုယက်မှုတွေ စစ်တွေမှာ အရမ်းများလာတယ်။ ဆေးသုံးဖို့ပိုက်ဆံမရှိရင် ခိုး၊ လုပြီးပိုက်ဆံရှာကြတာတွေလည်းရှိလာတယ်" ဟုပြောသည်။

 

နယ်မြို့အချို့တွင် မူးယစ်ဆေးဝါးသုံးစွဲမှုမှာ ယခင်အတိုင်း ပုံမှန်ရှိနေသေးသည်ဟု ဒေသခံများက ပြောဆိုကြသည်။

 

မင်းပြားဒေသခံတစ်ဦးက "သုံးစွဲတဲ့သူတွေက ပုံမှန်ရှိပါတယ်။ အရင်ကနေသုံးကြတဲ့သူတွေက သုံးကြသေးတယ်။ ပိုပြီးများလာတာတော့မရှိဘူး။ လူငယ်ပိုင်းလေးတွေကပိုသုံးတာများတယ်။ အရင်က တော်တော်များများရှိခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ အေအေက နည်းနည်းဖမ်းဆီး ထိန်းသိမ်းထားတော့ နည်းနည်းငြိမ်သွားတယ်။ အခုကတော့အရင်လိုပေါ်တင်မဟုတ်ဘဲ နည်းနည်းလျိုသွားကြပြီ" ဟု ပြောသည်။

 

ရခိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြားကို တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရန် မြန်မာနိုင်ငံ အရှေ့ဘယ်နယ်စပ် အသီးသီးမှ တရားမဝင်နည်းလမ်းများဖြင့် သယ်ယူလာကြပြီး ဘေးထွက်ဆိုးကျိုးအနေဖြင့် ရခိုင်ပြည်နယ်တွင်းတွင်လည်း ရောင်းချဖြန့်ဖြူးမှုများရှိနေသဖြင့် ယခုလို မြို့ရော တောပါမကျန် လူငယ်များအကြား သုံးစွဲမှု ပိုများလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ (NN-8)

ဆက်စပ် သတင်းများ