တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်တွင် ခရီးသည်တင်ကားနှင့် အိမ်စီးကားတိုက်မိ၍ အမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသမီး ၂ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.7k

နိရဉ္စရာ၊ မတ် ၂/ ၂၀၂၃


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရွှေရည်ဆုဝေခရီးသည်တင်ကားနှင့် အိမ်စီးကားတစ်စီးတိုက်မိ၍ အမျိုးသား ၁ ဦးသေဆုံးသွားပြီး အမျိုးသမီး ၂ ဦးမှာလည်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

သေဆုံးသွားသည့်အမျိုးသားမှာ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၊ ရန်တားရပ်ကွက်မှ အသက် ၃၀ ခန့်အရွယ် အိမ်စီးကားမောင်းသူ ကိုစိုးလင်းအောင်ဖြစ်သည်။

ဒဏ်ရာရရှိသွားသူ အမျိုးသမီး ၂ ဦးမှာ ရွှေရည်ဆုဝေခရီးသည်တင်ကားတွင် လိုက်ပါစီးနင်းလာသူများဖြစ်ကြသည်။

မန်နေ့မတ်လ ၂၆ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမပေါ်ရှိ ပီကောက်ဝတံတားအဆင်းတွင် ကျောက်တော်မှ စစ်တွေသို့ဆင်းလာသည့် ရွှေရည်ဆုဝေခရီးသည်တင်ကားနှင့် အပေါက်ဝရွာမှထွက်ခွာလာသည့် အိမ်စီးကားတို့ ဝင်တိုက်မိခြင်းဖြစ်သည်ဟု ကျောက်တော်မြို့၊ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုနိုင်ဝင်းလွင်က ပြောသည်။

လက်ရှိတွင် သေဆုံးသွားသူ၏ အလောင်းကိုအပေါက်ဝကျေးရွာတိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားသည်ဟုလည်း ပြောသည်။

"အလောင်းကိုတော့ အပေါက်ဝရွာ ဆေးရုံက ရင်ခွဲရုံမှာပို့ဆောင်ထားပါတယ်။ ပွန်းပဲ့ဒဏ်ရာအနည်းငယ်စီရရှိသွားတဲ့ သူတွေကတော့ တခြားကားကြုံတစ်စီးနဲ့ ပြန်သွားကြပြီ" ဟု ပြောသည်။

ယနေ့ညနေ ၈ နာရီခန့်တွင် အလောင်းအား ဆေးရုံမှတဆင့် အပေါက်ဝကျေးရွာသုသာန်သို့ သယ်ဆောင်သွားကြပြီး ယနေ့တွင် သဂြိုလ်သွားမည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့်မတ်လ ၉ ရက်၊ ညနေ ၂ နာရီခွဲခန့်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယာချောင်းကျေးရွာအနီးရှိ ကားလမ်းအောက်တွင် မြေဖို့နေသည့် သဲတင်လာသောတေဘာကားတစ်စီးမှာ ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် မီးမပြဘဲ ရုတ်တရက်လမ်းကွေ့ချလိုက်ရာမှ စစ်တွေသို့ ဆင်းလာသည့် ခရီးသည်တင် ကြံတိုင်းအောင်ကားနှင့် ဝင်တိုက်မိပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ (NN-12)

ဓာတ်ပုံ - ကျောက်တော်မြို့နယ်တွင် ရွှေရည်ဆုဝေခရီးသည်တင်ကားနှင့် အိမ်စီးကားတစ်စီးတိုက်မိပြီးနောင်တွေ့ရစဥ်။

Photo - ကိုနိုင်ဝင်းလွင်

ဆက်စပ် သတင်းများ