Preview

ကျောက်တော်တွင် လူထုဇော်ဝင်းပါ ၃ ဦးကို အပြီးသတ်အမိန့်ချမည့်ရက် ရွေ့ဆိုင်းခံရ

မတ် ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :5884
ရခိုင် သတင်း

နိရဥ္စရာ၊မတ် ၂၈/၂၀၂၃

 

၇ခိုင်ပြည်နယ်ကျောက်တော်မြို့မှ ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခံထားရသည့် လူမှုရေး တက်ကြွလှုပ်ရှားသူဦးဇော်ဝင်း(ခေါ်)လူထုဇော်ဝင်းအပါအဝင် ၃ ဦးတို့အမှုကိုယနေ့ရုံးချိန်းတွင် အပြီးသတ် အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း အမိန့်ချမည့်ရက်ကိုထပ်မံ ရွေ့ဆိုင်းခံလိုက်ရသည်ဟုသိ၇သည်။

 

ပုဒ်မ ၅၀၅-ကဖြင့်တရားစွဲဆိုခံထားရသည့် လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းအပါအဝင် ၃ဦးကို ယနေ့ မတ်လ ၂၈ ရက်၊ နံနက် ၁၁ နာရီက ကျောက်တော်မြို့နယ်တရားရုံးတွင်အပြီးသတ်အမိန့်ချရန် ရုံးထုတ်ခဲ့သော်လည်း တရားသူကြီးကအပြီးသတ်အမိန့်ချရန် အဆင်သင့်မဖြစ်သေးဟုဆိုကာ လာမည့် ဧပြီလ ၅ရက်တွင်အပြီးသတ်အမိန့်ချရန် ထပ်မံရုံးချိန်းလိုက်သည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

 

တရားသူကြီးကတော့အပြီးသတ် အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးလို့ဆိုပြီးတော့ရုံးချိန်းရက်ကိုထပ်ပြီးရွေ့ဆိုင်းလိုက်တယ်ပြောတယ်ဟုဆိုသည်။

 

ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခံထား၇သူ ၃ ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှလူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း(၄၃)နှစ်၊ ကျောက်တော်မြို့နယ်ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်(၂၈)နှစ်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး(ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့ဖြစ်ကြသည်။

 

သူတို့အားယခင်အပတ် ရုံးချိန်းတွင် ယနေ့မတ် ၂၈ ရက် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဟု  ပြောဆိုထားသော်လည်း ရုံးချိန်းရက်ထပ်မံရွေ့ဆိုင်းလိုက်သည့်အပေါ် ဖမ်းဆီးခံထား၇သည့် ကိုဇော်မိုးထက်၏ဖခင်ဖြစ်သူက အမှုကို အမြန်ဆုံး ပြီးပြတ်ချင်ပြီဟု ပြောသည်။

 

ငါတို့က စိတ်ခံစားမှု၊စိတ်ဖိစီးမှုတွေနဲ့ ဒီလိုငွေကုန်ကြေးကျ၊ လူကပင်ပန်း။ ပြောစရာစကားတောင်မရှိတော့ဘူး။ဘာပြော၇မယ်မှန်းတောင် မသိတော့ဘူး။ မျှော်လင့်ချက်နဲ့လာကြတာ မိသားစုတွေ။မိသားစု ၁၀ ကျော်လောက်ပါတယ်။ ငါတို့တောင်းဆိုချင်တာက လွှတ်ရင်လွှတ်၊ကျရင်ကျ တစ်ခုခုပေါ့။ အဖြေမှန်တစ်ခုတော့ အရင်ဆုံးသိချင်တယ်ဟုပြောသည်။

 

ဖမ်းဆီးခံထားသည့် ဦးဇော်ဝင်း၏ဇနီးဒေါ်ခင်လှစံကလည်း ကျမယောက်ကျားကိုစွဲဆိုထားတဲ့ အမှုက သက်သေတစ်ခုမှ မပြနိုင်တော့ တရားသေလွတ်မယ်လို့ ထင်ပါတယ်။ ဒီလို ရုံးချိန်းရက် ရွေ့ဆိုင်းလိုက်တော့ ပြန်လွတ်မှာတစ်ခုကအချိန်ကြာသွားတယ်ပေါ့ဟုဆိုသည်။

 

ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင်၃ ဦးကို  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်၌ ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားပြီးနောက်တစ်နေ့ ဇွန် ၂၁ ရက်တွင် သူတို့ ၃ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့သည်။

 

ယင်းအနက် ကိုဇော်ဝင်းကိုအဆိုပါနေ့ နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကိုကျောက်တော်မြို့အဝင် စိုက်ပျိုးရေးသိပ္ပံ လမ်းဆုံ၌ ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

သူတို့၃ ဦးကို ွပ်စွဲထားသည့်ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ကောလာဟလ (မမှန်သတင်း)များ ဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟုသိ၇သည်။

 

ပြစ်ဒဏ်မှာသုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုသိ၇သည်။

 

၇ခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကဖြစ်ပွားခဲ့သည့်တကျော့ပြန်တိုက်ပွဲကာလအတွင်းတွင် စစ်ကောင်စီက ၇ခိုင်မြို့နယ်အသီးသီးမှအပြစ်မဲ့ အရပ်သားပြည်သူ ၅၉၄ဦးကို ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၃၉၁ ဦးသာပြန်လွှတ်မြောက်လာခဲ့ကာ ကျန်သည့် ၂၀၃ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟုဖေဖော်ဝါရီ ၂၇ ရက်က အွန်လိုင်းကတဆင့်ပြုလုပ်သည့် (ရ)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုထားသည်။ (NN-3)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.