တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ပေါက်တောမြို့တွင် ရခိုင်သမိုင်းဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 7.6k

နိရဥ္စရာ၊ မတ် ၃၁ / ၂၀၂၃

ရခိုင်သမိုင်းဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲနှင့် သမိုင်းသုတ စကားဝိုင်းကို ယမန်နေ့  ည ၇ နာရီက
ပေါက်တောမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းရုံးရှေ့ကွင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စာတမ်းဖတ်ပွဲပြုလုပ်ရခြင်းမှာ သမိုင်းသုတသန စာတမ်းဖတ်ကြားခြင်းကို စာပေသမားများအား ဗဟုသုတအနေဖြင့် ချပြချင်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းသုတေသီ ဆရာမောင်ဖြူ (ကြွီတဲကျွန်း)က ပြောသည်။

ပေါက်တောမြို့နယ်က စာပေသမားတွေကို သုတေသန စာတမ်းဖတ်ပွဲတွေကို မြင်စေချင်၊ သိစေချင်လို့ မိတ်ဆက်ရခြင်းဖြစ်ပါတယ်။ သုတေသန စာတမ်းဖတ်တယ်ဆိုတာကို ဒီမြို့က စာပေသမားတွေကို စဗဟုသုတအနေနဲ့ ချပြချင်တဲ့ သဘောပါဟုပြောသည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် သမိုင်းစာတမ်းဖြစ်သော ရခိုင်ဝေသာလီခေတ် အနောက်ဘုရင် ဒင်္ဂါးများကို မုဆိုးခြေရာကောက်နည်းဖြင့် ရှာဖွေခြင်းစာတမ်းကို ဆရာမောင်ဖြူ (ကြွီတဲကျွန်း)က ဖတ်ကြားခဲ့ပြီး သမိုင်းသုတစကားဝိုင်းကို ရခိုင်သမိုင်းသုတေသီ ဆရာခိုင်မော်ကွန်းက ဟောပြောသွားခဲ့ကြောင်း သိရသည်။

ဆရာခိုင်မော်ကွန်းကရခိုင်သမိုင်းဆိုင်ရာ မှတ်တမ်းတွေနဲ့ပတ်သက်ပြီးတော့ အဖြေမှန်တစ်ခုကို ချပြတဲ့သဘောပါ။ အထူးသဖြင့် ရာဇဝင်မှတ်တမ်းတွေကို လက်ဖက်ရည်ဆိုင်ဝိုင်းမှာ ထင်ရာ၊ မြင်ရာ မရေမရာ စကားတွေနဲ့ ပြောနေကြတာဟာ သမိုင်းမှတ်တမ်းတွေ ဝေဝါးသွားကြတယ်။ များသောအားဖြင့် ကျောင်းသားလူငယ်တွေ သမိုင်းကိုလေ့လာတဲ့အချိန်မှာ ဟိုစာရေးဆရာက ဒီလိုပြောလိုက်၊ ဒီစာရေးဆရာက ဟိုလိုပြောလိုက်နဲ့ အဲလိုမျိုး ကွဲမပြားရအောင် အတတ်နိုင်ဆုံး မြေပြင်ကွင်းဆင်းပြီးတော့ စနစ်တကျလေ့လာပြီးတော့ အနီးစပ်ဆုံးအဖြေကို ရှာဖွေ ဖော်ထုတ်တင်ပြခြင်းဖြစ်ပါတယ်ဟုပြောသည်။

သမိုင်းဆိုင်ရာများကိုလေ့လာထားသော သုတေသန စာတမ်းပြုစုထားသူများနှင့် တိုက်ရိုက်ထိတွေ့ဆွေးနွေးခွင့်ရသည့်အတွက် သမိုင်းလေ့လာနေသူများအတွက် အချက်အလက်အသစ်များ၊ ခွန်အားသစ်များ ရရှိစေသည်ဟုလည်း ပေါက်တောမြို့ခံ စာရေးဆရာ ခိုင်မင်းစောက ပြောသည်။

စာတမ်းရှင်တွေမှာ ကိုယ်တို့တွေ့ရှိချက်တွေကို ရေးထားတယ်။ အဲဒါတွေကို ကိုယ့်ဟာကို သိမ်းဆည်းထားတယ်ဆိုလို့ရှိရင် အဲဒီတွေ့ရှိချက်က သူ့တစ်ကိုယ်စာ တွေ့ရှိချက်လိုဖြစ်နေမယ်။ အဲစာတမ်းတွေကို အများပြည်သူရှေ့မှာ၊ စာချစ်ပရိသတ်တွေရှေ့မှာ၊ လေ့လာသူတွေရဲ့ရှေ့မှာ ချပြတဲ့အခါ သူတို့နဲ့ တိုက်ရိုက်ထိတွေ့ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့်ရလိုက်တဲ့အတွက် သမိုင်းနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်အသစ်၊ အမြင်အသစ်တွေကိုရပြီးတော့ သမိုင်းနဲ့ဆိုင်ရာတွေမှာ အားသစ်ခွန်သစ်တွေ ရစေနိုင်ပါတယ်ဟုပြောသည်။

ပေါက်တောတွင်ပြုလုပ်သည့် ရခိုင်သမိုင်းဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲနှင့် သမိုင်းသုတ စကားဝိုင်းသို့ ပေါက်တောမြို့မှ ရခိုင်သမိုင်းကိုစိတ်ဝင်စားသူများနှင့် စာချစ်ပရိသတ်များ စုစုပေါင်း အင်အား ၇၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ရခိုင်သမိုင်းဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို ပြီးခဲ့သည့် မတ်လ ၂၆ ရက်ကလည်း စစ်တွေမြို့ရှိ အာရီယန်ခမ်းမတွင် ပြုလုပ်ခဲ့ပြီး  ရခိုင်သမိုင်းသုတေသီများဖြစ်သော ဆရာဦးအောင်လှသိန်း၊ ဆရာနီမင်းသျှင် (စစ်တွေ)နှင့် ဆရာမောင်ဖြူ (ကြွီတဲကျွန်း)တို့က ဖတ်ကြားခဲ့ကြသည်။ (NN – 21)

ဆက်စပ် သတင်းများ