စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်တော် အပေါက်ဝရွာတွင် မီးလောင်မှုဖြစ်၍ အမျိုးသား ၁ ဦး မီးလောင်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.5k

နိရဥ္စရာ၊ ဧပြီ ၁/ ၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတွင် လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့၍ အမျိုးသား ၁ ဦး မီးလောင်သေဆုံးသွားခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူမှာ အပေါက်ဝကျေးရွာ၊ ပေါ်တော်မူရပ်ကွက်နေ ဦးလှမောင်သာ၏ သားကြီးဖြစ်သူ ဦးမောင်ပြားချေ(၃၁)နှစ်ဖြစ်သည်။
ပေါ်တော်မှုရပ်ကွက်ရှိ ဦးလှမောင်သာ၏နေအိမ်သည် ယမန်နေ့ မတ်လ ၃၁ ရက်၊ ည ၉ နာရီကျော်တွင် ဖယောင်းတိုင်မီးမှတဆင့် စတင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အပေါက်ဝကျေးရွာမှ ဦးကျော်ညွန့်က "ဦးလှမောင်သာသားက အဲ့နေ့က အရက်မူးနေတယ်။ မီးလောင်နေလို့ သူ့ကို လူတွေသွားဆွဲကြတာ။ ကြောက်ကြောက်နဲ့ အိမ်တိုင်ကို ဖက်တွယ်ထားလို့ ဆွဲမရတာနဲ့ မီးလောင်ပြီးသေဆုံးသွားတာပါ"ဟု ပြောသည်။
ယင်းမီးလောင်မှုမှာ ည ၁၀ နာရီခန့်တွင် မီးငြိမ်းသွားပြီး အနီးပတ်ဝန်းကျင်သို့ မီးကူးစက်ခြင်းမရှိခဲ့ဘဲ မီးစတင်လောင်ကျွမ်းသည့် နေအိမ်တစ်ဆောင်သာ မီးလောင်ပျက်စီးဆုံးရှူံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
ရခိုင်ပြည်အတွင်း ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ၃ လ အတွင်း မီးလောင်မှုစုစုပေါင်း (၃၄) ကြိမ် ဖြစ်ပွားခဲ့ပြီး လူနေအိမ် အလုံး (၄၀)ကျော်နှင့် ဆိုင်ခန်းအချို့ မီးလောင်ဆုံးရှုံးခဲ့ကာ ရဟန်းတစ်ပါး အပါအဝင် (၄) ဦးသေဆုံးခဲ့သည်။  ခြောက်သွေ့ရာသီရောက်နေပြီဖြစ်သဖြင့် ပြည်သူများက မီးကိုမပေါ့ဆရန်၊ မီးသတိထားကြရန် လိုအပ်လှသလို သက်ဆိုင်ရာ မီးသတ်ဌာနကလည်း သတိပေးမှုများ အစဉ်မပြတ် ပြုလုပ်ရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ (NN-12)

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ