တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

"A Little Boy On Ramree Island" စာအုပ် မြန်မာပြည်တွင်း ဧပြီ ၅ ရက်နေ့ စဖြန့်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.8k

(ပထမအကြိမ်ရောင်းရငွေအားလုံးကို ရခိုင်စစ်ဘေးရှောင်များနှင့် ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှူဒါန်းမည်ဟုဆို)

နိရဥ္စရာ၊ ဧပြီ ၁ /၂၀၂၃

ရခိုင်ဓလေ့စရိုက်များအကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား ထုတ်ဝေသည့် ရမ်းဗြဲကျွန်းပေါ်မှ လူကလေးအမည်ရှိ "A Little Boy On Ramree Island" စာအုပ်ကို မြန်မာပြည်တွင်းတွင် ဧပြီ ၅ ရက် စတင်ဖြန့်ချိတော့မည်ဟု သိရသည်။

အဆိုပါစာအုပ်ကို မြန်မာနိုင်ငံတွင် U Book Store က ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀ ခန့်ရိုက်နှိပ်ထုတ်ဝေပြီး တစ်အုပ်လျှပ် ၁၄၅၀၀ ကျပ်နှုန်းဖြင့် ရန်ကုန်၊ မန္တလေး၊ စစ်တွေနှင့် ကျောက်ဖြူမြို့ရှိစာအုပ်ဆိုင်များတွင် ဧပြီ ၅ ရက်မှစတင် ဖြန့်ချိရောင်းချသွားမည်ဟု U Book Store မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ပြောသည်။

"ရခိုင်က တခြားမြို့တွေမှာဖြန့်ချိနိုင်ဖို့လည်း အဆက်သွယ်လုပ်နေပါတယ်" ဟု ပြောသည်။

အဆိုပါစာအုပ်ကို ပထမအကြိမ်စာအုပ်ရောင်းရငွေအားလုံးအား ရခိုင်ပြည်ရှိ ယာယီနေထိုင်စားသောက်ရေးခက်ခဲနေသည့် စစ်ဘေးရှောင်များ၊ ကျန်မာရေး၊ ပညာရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် လှူဒါန်းသွားမည်ဟုလည်း စာရေးဆရာအောင်ဇေမင်းက သူ၏လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောဆိုထားသည်။

အဆိုပါစာအုပ်ကို ရမ်းဗြဲဇာတိဖွား စာရေးဆရာအောင်ဇေမင်းနှင့် ဇနီး ဂျေးလ်မင်း (Jill Brock Mong) တို့က အင်္ဂလိပ်ဘာသာဖြင့် ပူးပေါင်း ရေးသားထားခြင်းဖြစ်သည်။

(၁၉၈၀) ပြည့်နှစ်နောက်ပိုင်း ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်း၏ လူနေမှုဘဝ၊ ကျေးလက်ဒေသ သဘာဝကိုအခြေခံကာ ရခိုင်ဒေသ၏ ဓလေ့စရိုက်များကို ဖော်ကျူးရေးသားထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ စာအုပ်တွင် စာမျက်နှာအားဖြင့် (၃၈၅)မျက်နှာ၊ အခန်း (၃၄)ခန်း ပါဝင်ပြီး အမေရိကန် Amazon KDP Books Store တွင် ဖေဖော်ဝါရီ (၆)ရက်က စတင်ဖြန့်ချိရောင်းချခဲ့ကြောင်း သိရသည်။

စျေးနှုန်းအနေနှင့် E-book ကို ($6.99)၊  ရိုးရိုးစာအုပ်ကို ($12.99)၊ စာအုပ်ဖုံးအထူစာအုပ်ပုံစံအား ($19.99) တို့ဖြင့် Amazon အသုံးပြုနိုင်သည့် နိုင်ငံများတွင် မှာယူဖတ်ရှုနိုင်သည်ဟု သိရသည်။

စာရေးဆရာ အောင်ဇေမင်းမှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ ဇာတိဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းဝိုးပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ