အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် အရှည် ၂၆ ပေခန့်ရှိ ဝေလငါးမန်း ( Whale Shark) တကောင် သောင်တင်သေဆုံးလျက်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

နိရဉ္စရာ ၊ ဧပြီ /၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ဂြင်ကြီးကျေးရွာအုပ်စု၊ ကျောက်ခမောက်ကျေးရွာအနီးတွင် အရှည် ၂၆ ပေခန့်ရှိ ဝေလငါးမန်း (Whale Shark) တကောင်ကို ယနေ့ညနေပိုင်းက သောင်တင်သေဆုံးလျက် တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ငါးကြီးသောင်တင်သေဆုံးနေသည်ကို ကျောက်ခမောက်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာ ရှောက်ချောင်းချောင်းဖျား၊(ဒေသအခေါ်) ပါးစပ်ချောင်းဖျားရှိ ကမ်းစပ်တစ်နေရာတွင် ယနေ့ ဧပြီလ ၁ ရက်၊ ညနေ ၄ နာရီအချိန်ခန့်ကတွေ့ ရှိခဲ့သည်ဟု ကျောက်ခမောင်းကျေးရွာသားများကပြောသည်။

" ငါးအရှည်က ၂၆ ပေလောက်ရှိမယ်။ လုံးပတ်ကတော့ ၁ ပေလောက်ရှိတယ်။ ဒီနေ့ ညနေ လေးနာရီလောက်မှာ သောင်တင်ပြီးသေနေတာကို တွေ့တာပါ" ဟု ကျောက်ခမောက်ကျေးရွာမှ ကိုမောင်ဝင်းကျော် က ပြောသည်။

ယနေ့ညနေပိုင်းက ကျောက်ခမောက်ကျေးရွာသားတစ်ဦး ရှောက်ချောင်းဖျားတွင် ဂဏန်းထောင်ရန် သွားစဥ် သောင်တင်သေဆုံးနေသည့် ငါးမန်းအားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။

" ရွာကတယောက် ဂဏန်းထောင်ဖို့သွားရင်း အဲဒီချောင်းကြားထဲဝင်ကြည့်တော့ ငါးကြီးတစ်ကောင် သေနေတာကို တွေ့ရတာပါ" ဟု ပြောသည်။

လက်ရှိတွင် အဆိုပါသေဆုံးနေသည့် ငါးအား ကျေးရွာသားများက ကျောက်ခမောက်ကျေးရွာသို့
စက်လှေတွင် ကြိုးနှင့်တွဲကာ သယ်ယူလာပြီး ရွာအနီးချောင်းစပ်တွင် ထားပြီး ကျေးရွာသားများက စောင့် ကြပ်ကြည့်ရှုနေကြောင်း သူကပြောသည်။

အဆိုပါ ကျောက်ခမောက်ကျေးရွာသည် ကျောက်ဖြူမြို့နှင့်၁၈ မိုင်ခန့်ကွာသည့် ကျေးရွာဖြစ်ပြီး အမှတ်(၇) တိုက်နယ်ထဲတွင်ပါဝင်သည်ဟု သိရသည်။(NN-23)

ဆက်စပ် သတင်းများ