Preview

မြောက်ဦး "စာပီဂါရီ"ရွေ့လျားစာကြည့်တိုက်က ကလေး ၃၀၀ ခန့်ကို စာပုံမှန်ဖတ်ဖြစ်အောင် စာအုပ်များငှားရမ်းပေးနေ

ဧပြီ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :2811
ရခိုင် သတင်း

နိရဥ္စရာ၊ ဧပြီ ၃ /၂၀၂၃

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့တွင် ဖွင့်လှစ်ထားသည့် "စာပီဂါရီ"ရွေ့လျားစာကြည့်တိုက်ကကလေးငယ် ၃၀၀ ခန့်ကို ပုံမှန်စာဖတ်နိုင်ရန် စာအုပ်စာပေများကို အိမ်တိုင်ရာရောက်ငှားရမ်းမျှဝေပေးနေကြောင်းဦးဆောင်လုပ်ကိုင်နေသူများက ပြောသည်။

မြောက်ဦးမြို့မှ လူငယ်ရခိုင်ကဗျာဆရာမကြည်ဖြူက "စာပီဂါရီ က လာမယ့် ဇွန်လဆိုရင် ၂ နှစ်ပြည့်ပါပြီ။ အခုကရွေ့လျားစာကြည့်တိုက်အနေနဲ့ အနည်းဆုံးကလေးငယ် သုံးရာလောက်ကိုစာပုံမှန်ဖတ်ဖြစ်အောင် လုပ်ပေးနိုင်နေတယ်လို့ ပြောလို့ရပါတယ်"ဟုနိရဥ္စရာ သို့ပြောသည်။

အဆိုပါစာပီဂါရီကို မြောက်ဦးမြို့ရှိရခိုင်လူငယ်ကဗျာဆရာများနှင့် စာဖတ်ဝါသနာရှင်များက ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇွန်လ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရက်သတ္တတစ်ပတ်လျှင်တနင်္ဂနွေနေ့တစ်ရက်စီ မြောက်ဦးမြို့ပေါ်ရပ်ကွက်များနှင့်စစ်ဘေးရှောင်စခန်းများထံ ရွေ့လျားကာ စာအုပ်များငှားရမ်းပေးနေခြင်းဖြစ်ကြောင်းသိ၇သည်။


ယခုကဲ့သို့"စာပီဂါရီ" ရွေ့လျားစာကြည့်တိုက်မှ အပတ်စဉ် လာရောက်ငှားရမ်းမှုများရှိနေ၍ကလေးငယ်များအနေဖြင့် ကြိုက်နှစ်သက်ရာစာအုပ်စာပေများအား လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်၍အဆင်ပြေကြောင်းစာပီဂါရီ၏ ပင်တိုင်စာဖတ်ပရိသတ်တစ်ဦးဖြစ်သည့် မြောက်ဦးမြို့မှမဝိုင်းဝိုင်းထွန်းက ပြောသည်။

"စာပီဂါရီက ရွေ့လျားပြီးသွားနေတော့နေရာတိုင်းကို ရောက်တယ်။ နေရာတိုင်းကိုရောက်တော့ ငှားရတာ လွယ်ကူပါတယ်။တချို့ကလည်း အဝေးဆိုရင် မလွှတ်ချင်တဲ့မိဘတွေလည်း ရှိတယ်လေ။ အဲဒီတော့ကိုယ့်အနီးအနားမှာ ရွေ့လျားစာကြည့်တိုက်ရောက်လာတော့ လွယ်လွယ်ကူကူ ငှားပြီးဖတ်နိုင်တော့အဆင်ပြေပါတယ်" ဟု ပြောသည်။


အဆိုပါ စာပီဂါရီအား GreenSittwe ၏ စာအုပ် ၂၀၀ ခန့် ပံ့ပိုးမှုဖြင့်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်တိုင်းကိုစာဖတ်စေလိုသည့်ရည်ရွယ်ချက်ကြောင့် ဖွင့်လှစ်ဖြစ်ကြောင်း သူမက ပြောသည်။

"ပထမတော့ စစ်တွေမှာကိုငြိမ်းချမ်းတို့ Green Sittwe အဖွဲ့ကစာပီလီညှင်းဆိုပြီးစလုပ်တယ်။ အဲဒါသူတို့က မြောက်ဦးမှာလည်း ဒီလိုလုပ်ပါလားလို့အကြုံပေးတယ်။သူတို့ဆီက စာအုပ် ၂၀၀ ပံ့ပိုးပေးမယ်ဆိုပြီးပြောတယ်။စာဖတ်ဝါသနာရှင်တွေက အဲဒါကို တိုင်ပင်ပြီး ဖွင့်ဖြစ်ပါတယ်"ဟု ပြောသည်။

လက်ရှိစာပီဂါရီသက်တမ်း ၁ နှစ်နှင့် ၁၀ လခန့်တွင် စာအုပ်ပေါင်း ၃၀၀၀ခန့်ကိုစုစည်းမိပြီဖြစ်ကြောင်း သိ၇သည်။

စာပီဂါရီရွေ့လျားငှားရမ်းပေးခဲ့သည့်နေရာများမှာ သျှစ်သောင်းရင်ပြင်တော်၊နန်းရာကုန်းဒုတိယထပ်၊ သင်္ဘောဆိပ်ခရီးသည်နားနေဆောင်၊ဦးဥတ္တမပန်းခြံ၊ တဖက်ဆည်ဘုန်းတော်ကြီးကျောင်းဝင်း၊မြို့မဈေးအပြင်ဘက်နှင့် မြောက်ဦးမြို့မှ ၃ မိုင်ခန့်အကွာရှိချောင်းသစ်ကျေးရွာတို့ဖြစ်သည်။

ယင်းအပြင်မြို့သစ်ဘုန်းကြီးကျောင်းစစ်ရှောင်စခန်း၊ မြို့ဦးဂေါင်းစစ်ရှောင်စခန်း၊ဒိုင်းကျီစစ်ရှောင်စခန်း၊ နရတ်စားစစ်ရှောင်စခန်းနှင့်အောင်စေတီစစ်ရှောင်စခန်းတို့ကိုလည်း ရွေ့လျားငှားရမ်းမျှဝေမှုများ ပြုလုပ်ခဲ့ကြောင်းသိ၇သည်။

အဆိုပါစာပီဂါရီမှGreen ပန်းမြောင်းရွေ့လျားစာကြည့်တိုက်၊ ပီချောင်းအင်စတီကျု၊ Roma Time စာပီအင်အားစုနှင့်တောဘွေကျေးရွာများသို့ ကလေးစာအုပ် ၄၄၀ ကျော် ပြန်လည်မျှဝေလှူဒါန်းနိုင်ခဲ့သည်ဟုဆိုသည်။

လက်ရှိရခိုင်မြို့နယ်များတွင်ရွေ့လျားစာကြည့်တိုက်များကို လူငယ်များကဦးဆောင်ဖွင့်လှစ်လာပြီ ရမ်းဗြဲတွင်စာလှီရမ္မာ၊ မင်းပြားမြို့တွင် စာပီယိုင်း၊ မြောက်ဦးတွင် စာပီဂါရီ၊ရသေ့တောင်တွင် စာပီပလက်ဖောင်း၊ ပုဏ္ဏားကျွန်းတွင် စာပီဗရီနှင့် စစ်တွေမြို့တွင်စာပီလီညှင်းစသဖြင့် အသီးသီးဖွင့်လှစ်ထားကြောင်း သိ၇သည်။ (NN-23)

ဓာတ်ပုံ- စာပီဂါရီ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.