ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ရန်ကုန်မှစစ်တွေသို့ထွက်ခွာလာသည့် လေယာဉ်တစ်စင်း စစ်တွေတွင် ရာသီဥတုဆိုးဝါးမှုကြောင့် ကျောက်ဖြူသို့ အရေးပေါ်လှည့်ပြန်ဆင်းသက်ခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.7k

နိရဥ္စရာ၊ ဧပြီ / ၂၀၂၃

ရန်ကုန်မှ စစ်တွေသို့ ယမန်နေ့ နံနက်ကထွက်ခွာလာသည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် စစ်တွေတွင် ရာသီဥတုဆိုးဝါးခဲ့မှုကြောင့် ဆင်းသက်နိုင်ခြင်းမရှိခဲ့ဘဲ ကျောက်ဖြူသို့ အရေးပေါ် လှည့်ပြန်ဆင်းသက်ခဲ့ရကြောင်း ခရီးသည်များက ပြောသည်။

အဆိုပါလေယာဉ်သည် ယနေ့ ဧပြီလ ၃ ရက်၊ မွန်းတည့်(၁၂)နာရီခန့်က စစ်တွေလေဆိပ်သို့ ဆင်းသက်ရန်ပြင်စဉ် စစ်တွေ၌ မိုးသက်လေပြင်းများတိုက်ခတ်ပြီး ရာသီဥတုအခြေအနေ ဆိုးဝါးခဲ့မှုကြောင့် ဆင်းသက်နိုင်ခြင်းမရှိခဲ့ဘဲ ကျောက်ဖြူလေဆိပ်သို့ အရေးပေါ် လှည့်ပြန် ဆင်းသက်ခဲ့ရကြောင်း ယင်းလေယာဉ်ဖြင့် လိုက်ပါခဲ့သည့် စစ်တွေဒေသခံ ကိုကျော်ကျော်လင်းက နိရဥ္စရာကို ပြောသည်။

“  ရန်ကုန်က ၁၀ နာရီခွဲ ထွက်လာတာ။ ကျနော်တို့လေယာဉ်က စစ်တွေကို ပျမ်းမျှရောက်ချိန်ဆိုရင် ၁၂ နာရီလောက်ကို ရောက်မှာပေါ့။  အဲဒီမှာ ၁၂ နာရီသာ ကျော်သွားတယ်။ မဆင်းရတော့ဘူး။ ဆင်းမယ့်အချိန်မှာ မိုးရိပ်တွေ တအားရိုက်ခတ်တယ်။ အပေါ်ရောက်လိုက်၊ အောက်ရောက်လိုက်နဲ့ ဖြစ်တယ်။ ခဏနေတော့ သူတို့က ပြောလာတယ်ပေါ့။ အရေးပေါ် အခြေအနေကြောင့် ကျောက်ဖြူလေဆိပ်ကို ဆင်းရတယ်ဆိုပြီးတော့ ပြောလာပါတယ်ဟု ဆိုသည်။

ကျောက်ဖြူလေဆိပ်တွင်ဆင်းသက်ခဲ့ပြီးနောက် မိနစ် ၂ဝ ခန့် စောင့်ဆိုင်းခဲ့ရပြီးမှ စစ်တွေသို့ထွက်ခွာလာခဲ့ရပြီး နေ့လယ် ၁ နာရီကျော်တွင် စစ်တွေလေဆိပ်သို့ အောင်မြင်စွာဆိုက်ရောက်နိုင်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ဖြစ်စဉ်ကို ဘဝတွင် တစ်ကြိမ်တစ်ခါမျှမကြုံဖူးသည့်အတွက် ခရီးသည်တစ်ဦးအနေဖြင့် အလွန်တရာမှ စိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟုလည်း ၎င်းက  ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက်အစောပိုင်းကလည်း စစ်တွေတွင် မြူနှင်းများ ဆိုးဝါးစွာ ထူထပ်ကျဆင်းနေခဲ့၍ ရန်ကုန်လေဆိပ်မှ ယင်းနေ့အစောပိုင်းထွက်ခွာမည့် ရန်ကုန်-စစ်တွေလေယာဉ်ခရီးစဉ်များအားလုံးကို ယင်းနေ့ နံနက် ၁၀ နာရီမှသာ စတင်ထွက်ခွာရန် အချိန်ရွေ့ဆိုင်းခဲ့ရသေးသည်။ (NN-18)

 

ဆက်စပ် သတင်းများ