စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မောင်တောနှင့် မြောက်ဦးတွင် ယာဉ်တိုက်မှုဖြစ်၍ အမျိုးသား ၃ ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 880

နိရဥ္စရာ၊ ဧပြီ ၄/ ၂၀၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ယာဉ်တိုက်မှုဖြစ်၍ အမျိုးသား ၃ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

မောင်တောမြို့နယ်တွင်သေဆုံးသွားသူများမှာ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာ၊ အနောက်တောင်ရပ်ကွက်မှ ဦးအောင်လှထွန်း(၅၅)နှစ်နှင့် ကိုမောင်ခင်သန်း(၃၃)နှစ်တို့ဖြစ်သည်။

မြောက်ဦးမြို့နယ်တွင်သေဆုံးသွားသူများမှာ မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာမှ ဦးစံညွန့် (၅၈)နှစ်ဖြစ်သည်။

မောင်တောမြို့နယ်တွင်သေဆုံးသွားသူ ၂ ဦးမှာ မောင်တောနယ်ရှိ တောင်ပေါ်တွင် ရာသီပေါ်သီးနှံများရှာဖွေပြီး ရသေ့တောင်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ယနေ့ ဧပြီလ ၄ ရက်၊ ညနေ ၃ နာရီခန့်က မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာအနီးရှိ ကားလမ်းမတွင် ကုန်ကားတစ်စီးဖြင့်တိုက်မိ၍ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ကိုအာင်မင်းစိုးက ပြောသည်။

"ကုန်ကားနဲ့တိုက်မိတာပါ။ နှစ်ယောက်စလုံးက အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်" ဟု ပြောသည်။

သေဆုံးသွားသည့် အမျိုးသား ၂ ဦးမှာ သမီးယောက္ခမတော်စပ်ကြပြီး လက်ရှိတွင် သူတို့အလောင်းကို မောင်တောဆေးရုံသို့ပို့ဆောင်ထားသည်ဟုလည်း သိရသည်။

ယင်းဖြစ်စဉ်အတွင်း ကုန်ကားမောင်းသူကို မောင်တောမြို့နယ် ရွာသစ်ကေ နခခ ကင်းစခန်းက ဖမ်းဆီးထားကြောင်း သိရသည်။

မြောက်ဦးမြို့နယ်တွင်သေဆုံးသွားသည့် ဦးစံညွန့်မှာ ယမန်နေ့ ဧပြီလ ၃ ရက်၊ ည ၁ဝ နာရီကျော်တွင် သူ၏ဘေးတွဲဆိုင်ကယ်ဖြင့် စစ်ဘေးရှောင်ခရီးသည်နှစ်ဦးအား မြောက်ဦးမြို့ လက်ကောက်စျေးစစ်ဘေးရှောင်စခန်းသို့ပို့ရန်သွားစဉ် အုတ်ဖိုကန်ရွာအလွန်ရှိ လမ်းကွေ့အနီးတွင် အိမ်စီးကားတစ်စီးနှင့် သူ၏ ဘေးတွဲဆိုင်ကယ်တို့ တိုက်မိပြီး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဘေးတွဲဆိုင်ကယ်ဖြင့်လိုက်ပါလာသော စစ်ဘေးရှောင်ခရီးသည်သားဖနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိသွားသောကြောင့် မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်တွင် ခရီးသည်တင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီးတိုက်မိ၍ အပေါက်ဝကျေးရွာ၊ ရန်တားရပ်ကွက်မှ အသက် ၃၀ ခန့်အရွယ် အိမ်စီးကားမောင်းသူ ကိုစိုးလင်းအောင်သေဆုံးသွားခဲ့ကာ အမျိုးသမီး ၂ ဦးမှာလည်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

 

ထိုသို့ ယာဉ်တိုက်မှုများလျော့နည်းစေရန်အတွက် ယာဉ်မောင်းနှင်သူများအနေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလိုက်နာရန်နှင့် အရှိန်ပြင်းပြင်းမမောင်းရန်လိုအပ်ပြီး ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့်လည်း ဘေးကင်းစေရန် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းသင့်ကြောင်း ဒေသခံများက ပြောသည်။ (NN-12, NN-8)

 

ဓာတ်ပုံ - မောင်တောမြို့နယ်အတွင်း ယာဉ်တိုက်မှုအား တွေ့ရစဉ်။
Photo - CJ

ဆက်စပ် သတင်းများ