တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မှ လူထုဇော်ဝင်းပါ ၃ ဦးအား အပြီးသတ်အမိန့်ချမည့်ရက် ထပ်မံရွေ့ဆိုင်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

နိရဥ္စရာ၊ ဧပြီ ၅/၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခံထားရသည့် လူမှုရေးတက်ကြွ လှုပ်ရှားသူ ဦးဇော်ဝင်း(ခေါ်) လူထုဇော်ဝင်းအပါအဝင် ၃ ဦးတို့အား အပြီးသတ်အမိန့်ချမည့်ရက်ကို ထပ်မံရွေ့ဆိုင်းလိုက်သည်ဟု သိရသည်။

သူတို့ကို ယနေ့ ဧပြီလ ၅ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က ကျောက်တော်မြို့နယ်တရားရုံးတွင် အပြီးသတ်အမိန့်ချရန် ရုံးထုတ်ခဲ့သော်လည်း တရားသူကြီးက အမိန့်မချမှတ်ဘဲ လာမည့် ဧပြီ ၁၉ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သူတို့ကို ရုံးချိန်းမှာ တရားသူကြီးက မင်းတို့လုပ်တဲ့အလုပ်က မင်းတို့အပေါ်မှာ မူတည်တယ်။ ကောင်းတာပဲလုပ်လုပ်၊ ဆိုးတာလုပ်လုပ်။ အရာရာတော့ ကံတရားပဲလို့ပြောပြီးတော့ ၁၉ ရက်နေ့ကို ထပ်ချိန်းလိုက်တယ် ပြောတယ်ဟု ဆိုသည်။

ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသူ ၃ ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း(၄၃)နှစ်၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်(၂၈) နှစ်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့ဖြစ်ကြသည်။

ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် ရက္ခိုင့်တပ်တော်  (AA)က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ ရက်တွင် သူတို့ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ယင်းအနက် ကိုဇော်ဝင်းကို အဆိုပါနေ့ နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့အဝင် စိုက်ပျိုးရေးသိပ္ပံကျောင်းလမ်းဆုံ၌ ဖမ်းဆီးသွားခြင်းဖြစ်သည်။

သူတို့အမှုကို ပြီးခဲ့သည့် မတ်လ ၂၈ ရက်ကလည်း အပြီးသတ်အမိန့်ချရန် ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားသူကြီးက အပြီးသတ်အမိန့်ချရန် အဆင်သင့်မဖြစ်သေးဟုဆိုကာ ယနေ့ ဧပြီလ ၅ ရက်ကို ရုံးချိန်းခဲ့သည်။

သူတို့ ၃ ဦးကို သင်္ကြန်မကျမီ လွတ်မြောက်လာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း လွတ်မြောက်လာခြင်းမရှိ၍ ပြောစရာစကားများပင် မရှိတော့ပြီဟု ဖမ်းဆီးခံထားရသည့် ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူက နိရဥ္စရာကိုပြောသည်။

ရက်နေ့မှာ အမိန့်ချမှာလိုလို ဘာလိုလိုနဲ့ ၅ ရက်နေ့မှာလည်း မချဘဲနဲ့ နောက်ထပ် ထပ်ချိန်းတဲ့အတွက်ကြောင့် ပြောစရာ မရှိတော့ဘူးဟုဆိုသည်။

သူတို့ ၃ ဦးကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း) များ ဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိရသည်။

ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ ပြီးခဲ့နှစ်ကဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းတွင် စစ်ကောင်စီက ရခိုင်မြို့နယ်အသီးသီးမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ထိုအထဲမှ ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာခဲ့ပြီး ကျန်သည့် ၂၀၃ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်က အွန်လိုင်းကတဆင့်ပြုလုပ်သည့် (၇) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။ (NN-3)

 

ဆက်စပ် သတင်းများ