တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် အမျိုးသား ၅ ဦးကို ညအချိန် စစ်သားနှင့်ရဲများက ဝင်ရောက် ဖမ်းဆီးသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.5k

နိရဥ္စရာ၊ ဧပြီ ၆/ ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမျိုးသား ၅ ဦးကို ရဲနှင့်စစ်သားများကပူးပေါင်းကာ ယမန်နေ့ညက နေအိမ်များမှဝင်ရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသူများမှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ အမျိုးသား ၃ ဦးနှင့် ဘောင်းဒွတ်သားစု ရပ်ကွက်မှ အမျိုးသား ၂ ဦးတို့ဖြစ်သည်။

 

ယမန်နေ့ ဧပြီလ ၅ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် လက်နက်အပြည့်အစုံပါသော အင်အား ၅၀ ကျော်ခန့်ရှိ ရဲနှင့် စစ်ကောင်စီ တပ်သားများသည် ကားသုံးစီးဖြင့် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရဲကင်းစခန်းရှေ့သို့ စတင်ရောက်ရှိခဲ့ပြီး ရပ်ကွက်တွင်းရှိ အမျိုးသား ၃ ဦးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စက်ရုံစုရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

"မနေ့က ည ၁၁ နာရီခွဲလောက်က စက်ရုံစုရပ်ကွက်က ရဲစခန်းရှေ့မှာ ကားသုံးစီးရပ်တယ်။ လက်နက်အပြည့်အစုံနဲ့ အင်အား ၅၀ ကျော်လောက်ပါပါတယ်။ နေအိမ်ထဲကို ဝင်စီးပြီးဖမ်းသွားတာပါ" ဟု ပြောသည်။

ယင်းနောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဘောင်းဒွတ်သားစုရပ်ကွက်ရှိ အမျိုးသား ၂ ဦးကိုလည်း ဆက်လက်ဖမ်းဆီးသွားသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများ၏ အမည်များကို မသိရသေးသလို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုလည်း မသိရှိရသေးပါ။

 

အဆိုပါ အဖမ်းအဆီးသတင်းများကို နိရဥ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်းကလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ ဒေသခံအများအပြားကို စစ်ကောင်စီတပ်က မကြာခဏဝင်ရောက်ဖမ်းဆီးမှုရှိခဲ့သည်ဟု သိရသည်။ (NN-12)

 

 

ဆက်စပ် သတင်းများ