တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေးအတွက် မည်သည့်ရခိုင်တော်လှန်ရေးအဖွဲ့များနှင့်မဆို လက်တွဲ မည်ဖြစ်ကြောင်း (၅၆) နှစ်မြောက် ပါတီတည်ထောင်ခြင်းနှစ်ပတ်လည်နေ့တွင် ALP ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

နိရဉ္စရာ၊ ဧပြီ ၉/၂၀၂၃

ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေးအတွက် မည်သည့်ရခိုင်တော်လှန်ရေးအဖွဲ့များနှင့်မဆို လက်တွဲ သွားမည်ဖြစ်ကြောင်း (၅၆) နှစ်မြောက် ပါတီတည်ထောင်ခြင်းနှစ်ပတ်လည်နေ့တွင်  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းပြင် အာဏာရှင်စနစ်ကိုတော်လှန်နေသည့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်သွားမည်ဟု ဆိုသည်။

ဧပြီလ(၉) ရက် ယနေ့ကျရောက်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၏ (၅၆) နှစ်မြောက် ပါတီ တည်ထောင်ခြင်း နှစ်ပတ်လည်နေ့တွင် ALP အထွေထွေအတွင်းရေးမှုး ခိုင်ကျော်ခိုင်က

"ဥက္ကဋ္ဌကြီးခိုင်မိုးလင်းရဲ့ ALP ပါတီရဲ့မူဝါဒမှာ အဓိကကျတဲ့အချက်တစ်ချက်ပေါ့နော်၊ ရခိုင်တမျိုးသား လုံးလွတ်မြောက်ရေးဆီသို့ ဆိုတာမျိုးကို ကျွန်တော်တို့ဆုပ်ကိုင်ထားတယ် တော်လှန်ရေးပါတီတွေရော၊ နိုင်ငံရေးပါတီတွေရော၊ CSO တွေရော ရခိုင်တမျိုးသားလုံး စုစည်းညီညွတ်ပြီး အလုပ်လုပ်ကြဖို့ ဆက်ပြီး ကြိုးစားနေတယ် လုပ်လည်းလုပ်နေတယ်။’’

ALP ပါတီတည်ထောင်ခြင်း ဂုဏ်ပြုအခမ်းအနားကို မြန်မာ-ထိုင်းနယ်စပ် ALP ၏ အရှေ့ဖက်စစ်ဒေသ ရမ္မာဝတီတပ်ရင်းတွင် တပ်ရင်းမှူး ခိုင်လှပြည့်နှင့် ရဲဘော်များမှ စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြု ကျင်း ပခဲ့ကြောင်းလည်း သိရသည်။

ရခိုင်တမျိုးသားလုံးလွတ်မြောက်ဖို့၊ တော်လှန်ရေးအောင်မြင်ဖို့အတွက် ရခိုင့်လက်နက်ကိုင် မည်သည့် အဖွဲ့မျိုးနှင့်မဆို လက်တွဲတော်လှန်သွားဖို့ လမ်းဖွင့်ထားကြောင်းလည်း ခိုင်ကျော်ခိုင် က ပြောသည်။

ALP ကို ၁၉၆၇ ခု၊ ဧပြီ ၉ ရက်တွင် ဥက္ကဋ္ဌ ခိုင်ပြည်သိမ်း ဦးဆောင်မှုဖြင့်စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာစစ်တပ် ၏ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသူများမှ ဥက္ကဋ္ဌ ခိုင်မိုးလင်း ဦးဆောင်လျက် ၁၉၇၄ ခုနှစ်တွင် ဒုတိယအကြိမ်ပြန်လည်ဖွဲ့စည်းခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဥက္ကဋ္ဌ ခိုင်မိုးလင်းဦးဆောင်၍ ကရင်ပြည်မှရခိုင်ပြည်သို့ မိုင် ၂၀၀၀ ကျော်ခရီးရှည်သည့် ALP ၏ သမိုင်းဝင် မိုးလင်းရာဇာ စစ်ကြောင်းချီတက်ခဲ့ရာ မြန်မာစစ်တပ်မှ သာလွန်အင်အားဖြင့် တိုက် ခိုက်ချေမှုန်းသောကြောင့် စစ်ရေးအရေးနိမ့်ကာ ဥက္ကဋ္ဌ ခိုင်မိုးလင်းကျဆုံးကာ ခေါင်းဆောင်များနှင့် စစ်သည်များ ဖမ်ဆီးခံခဲ့ရသည်။

၁၉၈၁ ခုနှစ်တွင် ဥက္ကဋ္ဌ ခိုင်ရဲခိုင် ထောင်မှလွတ်လာပြီး တတိယအကြိမ်ပါတီပြန်လည်ဖွဲ့စည်းခဲ့သည်။ တတိယအကြိမ်ဖွဲ့စည်းပြီးချိန်မှစ၍ ယနေ့အချိန်ထိ ပါတီဗဟိုဌာနချုပ်ကို ရခိုင်-အိန္ဒိယ-ဘင်္ဂလားဒေရှ် သုံးနိုင်ငံနယ်စပ် တြိဂံနယ်မြေတွင် အခြေစိုက်ထားကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် ပါတီ၏စစ်ရေး၊ နိုင်ငံရေးယိမ်းယိုင်လာခဲ့သောကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဥက္ကဋ္ဌ ခိုင်ရဲခိုင်၏ ဦးဆောင်မှုဖြင့် စတုတ္ထအကြိမ်ပါတီပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ NN - 24

 Photo ; ALP Information Bureau

ဆက်စပ် သတင်းများ