တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဆရာမလင်းလက်ချို(ကျောက်တော်)၏ "အချစ်သက်သေ လွမ်းသူ့မြေ၊ ဝတ္ထုတိုစုစည်းမူ" စာအုပ်မိတ်ဆက်ပွဲအခမ်းအနား ကျောက်တော်တွင်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 10.2k

နိရဥ္စရာ၊ ဧပြီ ၁၀/၂၀၂၃

 

ရခိုင်စာရေးဆရာမတစ်ဦးဖြစ်သူ ဆရာမလင်းလက်ချို(ကျောက်တော်)၏ ပထမဆုံးပွဲဦးထွက် စာအုပ်တစ်အုပ်ဖြစ်သည့် "အချစ်သက်သေ လွမ်းသူ့မြေ၊ ဝတ္ထုတိုစုစည်းမူ" စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ကျောက်တော်မြို့တွင် ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

 

ဆရာမလင်းလက်ချို(ကျောက်တော်)က "စာအုပ်မိတ်ဆက်ပွဲလုပ်တာက ဒီစာအုပ်က ကျွန်မရဲ့ပထမဆုံးပွဲဦးထွက်စာအုပ်လည်းဖြစ်တယ်။ ဒီကျောက်တော်မြို့မှာက တစ်ခြားမြို့တွေလို့ စာအုပ်မိတ်ဆက်ပွဲတွေမရှိဘူး။ အဲ့ဒီလိုမရှိတဲ့အတွက် ကိုယ့်မြို့အတွက်အမှတ်တရအနေနဲ့ ဒီစာအုပ်မိတ်ဆက်ပွဲကိုလုပ်တာပါ။ ကိုယ်မွေးဖွားလာတဲ့မြို့မှာ စာပေမျိုးစေ့ကို ပထမဆုံးမျိုးစေ့ချလုပ်ခွင့်ရလို့လည်း ကိုယ့်ကိုကိုယ်ကျေနပ်ဂုဏ်ယူမိပါတယ်" ဟု ပြောသည်။

 

အဆိုပါစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ဧပြီလ ၉ရက်၊ နေ့လည် ၁၂နာရီမှစတင်ကာ ညနေ ၂နာရီအထိ ကျောက်တော်မြို့၊ သာသနာ့ဗိမာန်ဝင်းထဲရှိ စာရေးဆရာအသင်းရုံး၌ကျင်းပခဲ့ခြင်းဖြစ်ပြီး

စာရေးဆရာ၊ ဆရာမများနှင့် စာပေစိတ်ပါဝင်စားသူ စုစုပေါင်းလူဦးရေ ၈၀ ကျော်ခန့်က တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်ဟုလည်း သိရသည်။

 

ဆရာမလင်းလက်ချို(ကျောက်တော်)၏ "အချစ်သက်သေ လွမ်းသူ့မြေ၊ ဝတ္ထုတိုစုစည်းမှု)စာအုပ်သည် မဂ္ဂဇင်းစာမျက်နှာထက်တွင်ဖော်ပြခံထားရသည့် ဝတ္ထုတိုများကို အမှတ်တရအနေဖြင့် စုစည်း ထုတ်ဝေထားသည့်စာအုပ်တစ်အုပ်ဖြစ်ကာ ယင်းစာအုပ်တွင်ဝတ္ထုတိုစုစုပေါင်း ၁၁ပုဒ် ပါဝင်သည်ဟုလည်း သိရသည်။

 

"စာအုပ်မှာပါတဲ့ ဝတ္ထုတိုအားလုံးက မဂ္ဂဇင်းစာမျက်နှာမှာဖော်ပြခံရပြီး အယ်ဒီတာစားပွဲကို ဖြတ်ကျော်ထားတဲ့ဝတ္ထုတွေဖြစ်ပါတယ်။ မဂ္ဂဇင်းပါဝတ္ထုတိုထဲကမှ သေချာစိစစ်ရွေးချယ်စုစည်းပြီး ထုတ်ဝေထားတဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်" ဟု ဆရာမလင်းလက်ချို(ကျောက်တော်)က ဆက်လက် ပြောသည်။

 

အဆိုပါစာအုပ်ကိုထုတ်ဝေရာ၌ ဆရာမအနေဖြင့် ဝတ္ထုတိုစာမူများကိုတစ်ပုဒ်ချင်း စိစစ်ရွေးချယ်ခဲ့ရသည့်အတွက် အချိန် ၂လခန့်ကြာမြင့်ခဲ့ကာ အခက်အခဲအချို့ရှိခဲ့သည်ဟုလည်း သိရသည်။

 

ယင်းအပြင် ဆရာမလင်းလက်ချို(ကျောက်တော်)သည် သူ၏စာအုပ်တွင် တကယ့်လူမူဘဝ ပတ်ဝန်းကျင်၊ လူ့လောကတွင် ဖြစ်ပျက်နေသည့် ဘဝဇာတ်ရုတ်များကို  ရသမျိုးစုံဖြင့် ဖော်ညွှန်းရေးသားထားပြီး အချစ်ရသစာရေးဆရာမတစ်ဦးဖြစ်ကာ ရခိုင်တွင် လိုအပ်လစ်လပ်နေသည့် စာရေးဆရာမနေရာတွင် ဆရာမလင်းလက်ချို(ကျောက်တော်)က ပါဝင်ဖြည့်ဆည်းလိုက်ခြင်းနှင့် တူသည်ဟု ဆရာအောင်ကြည်မိုး(သင်းပုန်းတန်း)ကဆိုသည်။

 

"ရခိုင်မှာက စာရေးဆရာမဆိုတဲ့ နေရာတစ်ခုလိုအပ်နေတယ်။ အဲ့ဒီ လိုအပ်နေတဲ့နေရာမှာ ဆရာမလင်းလက်ချို(ကျောက်တော်)ကဖြည့်ဆည်းလိုက်တာလို့မြင်တယ်။ သူ့ဝတ္ထုတွေက အချစ်ဝတ္ထုရေးတဲ့ဆရာမဆိုပေမဲ့သူ့ဝတ္ထုမှာ ရသဖွဲ့တွေတွေ့ရတယ်။ တကယ့်လူမှုဘဝတွေကို မြင်ရတယ်။ ရခိုင်စာပေလောကအတွက်ရော့ မြန်မာ့ဝတ္ထုတိုလောကအတွက်ရော့ ဝမ်းသာမိတယ်။ သူက အိမ်ထောင်တစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ဆိုပေမဲ့ သူ့ရဲ့ကြိုးစားမှုတွေက အချိန်တိုအတွင်း အရာထင်လာတယ်လို့မြင်တယ်။ ဝမ်းလည်းသာတယ်။ ဂုဏ်လည်းယူတယ်" ဟု ဆရာအောင်ကြည်မိုး(သင်းပုန်းတန်း)က ပြောသည်။

 

ဆရာမလင်းလက်ချို(ကျောက်တော်)သည် ကျောက်တော်မြို့ဇာတိဖြစ်ကာ၊ မိသားစုနှင့်အတူ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်၊ အောင်ကျော်ဇံလမ်းတွင်နေထိုင်ပြီး အမည်ရင်းမှာ အေးစုလိူင်ဖြစ်သည်။

 

ဆရာမသည် ရခိုင်ရှိမြို့နယ်အသီးသီးမှထုတ်ဝေသော မဂ္ဂဇင်းများတွင်လည်း ရခိုင်မူဖြင့်ဝတ္ထုတိုများ ဖော်ပြခံထားရပြီး ရခိုင်မှုဖြင့်ရခိုင်ဝတ္ထုတိုများစုစည်းထုတ်ဝေသွားဦးမည်ဟုလည်း သိရသည်။(NN-12)

 

Photos - San Thar

ဆက်စပ် သတင်းများ